စစ်ကောင်စီမှ ဖမ်းဆီးထားသည့် စနဲဒေသခံ ၁၅ ဦးအနက် ၇ ဦးကို ပြန်လွတ်

ကျောက်ဖြူမြို့နယ်၊ စနဲမြို့မရဲစခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၅ ဦးခန့်ကိုဖမ်းဆီးခဲ့ရာ ယနေ့(ဇူလိုင်လ ၂၅ ရက်)တွင် ၇ ဦး ပြန်လည်လွတ်မြောက်လာပြီး ၈ ဦးကို ကျောက်ဖြူသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

25 Jul 2022

DMG ၊ ဇူလိုင် ၂၅

ကျောက်ဖြူမြို့နယ်၊ စနဲမြို့မရဲစခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၅ ဦးခန့်ကိုဖမ်းဆီးခဲ့ရာ ယနေ့(ဇူလိုင်လ ၂၅ ရက်)တွင် ၇ ဦး ပြန်လည်လွတ်မြောက်လာပြီး ၈ ဦးကို ကျောက်ဖြူသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ကျောက်ဖြူသို့အပို့ခံရသူ ၈ ဦးမှာ ကံပြင်ရပ်ကွက်မှ မခင်နီလာလွင်နှင့် ညီမဖြစ်သူ မခင်သူဇာလွင်၊ ကံပြင်ရပ်ကွက်မှ မအေးမြတ်မွန်နှင့် ညီမ မမိုးမိုးသွယ်၊ စနဲမြို့ပေါ်ရပ်ကွက်မှ ကိုအောင်နိုင်ဝင်း၊ စံပယ်ချောင်းကျေးရွာမှ ကိုတင်မျိုးထွန်း၊ မောင်စည်သူထွန်း၊ ခင်မောင်စိုးတို့ဖြစ်ကြသည်။

စနဲမြို့ ကံပြင်ရပ်ကွက်မှ မခင်နီလာလွင်နှင့် မခင်သူဇာလွင်တို့ကို စနဲမြို့ပေါ်ရှိ အစ်မဝမ်းကွဲဖြစ်သူနေအိမ်သို့ သွားရာလမ်းတွင် စစ်ကောင်စီက ခေါ်ယူဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သူမ၏ အဒေါ်တော်စပ်သူ ဒေါ်စောနုကပြောသည်။

"သူတို့ကိုက လမ်းမှာဖမ်းတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ အန်တီတို့လည်းမသိဘူး။ အခုလည်း ကျောက်ဖြူကိုခေါ်သွားမယ်ဆိုတာကိုလည်း အန်တီတို့မသိဘူး။ အခုကျောက်ဖြူကိုရောက်နေတယ်။ သူတို့ ဘယ်မှာလည်းဆိုတာကို စုံစမ်းနေတယ်"ဟု ၎င်းကဆိုသည်။

ထို့ပြင် မအေးမြတ်မွန်နှင့် မမိုးမိုးသွယ်တို့ကိုလည်း စစ်ဆေးရန်ရှိသည်ဟုဆိုကာ နေအိမ်မှခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အပြစ်မဲ့သည့်အမျိုးသမီးများအား ဖမ်းဆီးသွားခြင်းအပေါ် အထူးစိုးရိမ်ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

"သူတို့ ညီအစ်မနှစ်ယောက်က ညနေဖက်ထမင်းစားပြီးလို့ TV ကြည့်နေချိန်မှာ စစ်သား ၈ ယောက်ရောက်လာပြီး စစ်ဆေးစရာ ရှိလို့ သူတို့နှစ်ယောက်ကို လာခေါ်တယ်လို့ပြောပြီး ခေါ်သွားတယ်။ သူတို့လက်မှာ သေနတ်တွေလည်းပါတော့ ဘာမှမပြောရဲလိုက်ဘူး။ သူတို့လာခေါ်တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ ပြီးတော့ ခဏလေးလို့ခေါ်သွားတာဆိုတော့ ထည့်ပေးလိုက်တယ်။ အခုမှ ကျောက်ဖြူကိုထပ်ပို့တယ်လို့ သတင်းရလို့ လိုက်လာတာ ဘယ်မှာထားတယ်ဆိုတာကိုတော့ စုံစမ်းနေတယ်"ဟု ၎င်းတို့နှစ်ဦး၏ မိခင် ဒေါ်ခင်သန်းကြည်ကပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့က စနဲမြို့ ရဲစခန်းမှူးကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် စနဲမြို့တွင်းသို့ရောက်ရှိလာကာ ဒေသခံများကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဗီဒီယိုများ