ကျောက်ဖြူတွင် မိုင်းပေါက်ကွဲ၍ ၁ ဦးသေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရ

ကျောက်ဖြူမြို့နယ် စနဲနှင့် အဝတောင်ကျေးရွာအကြားတွင် အောက်တိုဘာ ၂၁ ရက် နေ့လည် ၁၁ နာရီ အချိန့်က မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း အဝတောင် ကျေးရွာ ဒေသခံများထံမှသိရသည်။

By အောင်ကောင်းဇော် 21 Oct 2020

အောင်ကောင်းဇော် | DMG
အောက်တိုဘာ ၂၁ ၊ ကျောက်ဖြူ

ကျောက်ဖြူမြို့နယ် စနဲနှင့် အဝတောင်ကျေးရွာအကြားတွင် အောက်တိုဘာ ၂၁ ရက် နေ့လည် ၁၁ နာရီ အချိန့်က မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း အဝတောင် ကျေးရွာ ဒေသခံများထံမှသိရသည်။

ထိုသို့ သေဆုံး၊ ဒဏ်ရာရရှိသူတို့မှာ တပ်မတော်သားများဖြစ်ကြကြောင်း မြင်တွေ့လိုက်သော ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

“စနဲနဲ့ အဝတောင်ကြားမှာပေါ့၊ မြန်မာ့တပ်မတော်က တပ်မတော်သား ၁၀ ဦး စီးနင်းလိုက်ပါလာတဲ့ကားကို မိုင်းဆွဲခံရတာလို့သိရတယ်။ တစ်ဦးက မျက်လုံးထွက်သွားတယ်၊ သုံးဦးကပေါင်ပြတ်သွားတယ်၊ နောက်တစ်ဦးက သေတယ်လို့သိရတယ်။

အခုရွာကလူတွေလဲကြောက်ပြီး ရွာကထွက်ပြေးသူတွေလဲရှိနေပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဝတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

စနဲနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နိုင်စိုးဦးက “မိုင်းပေါက်တာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာ ရတာတွေဘာညာ အဲဒါကိုတော့မသိသေးဘူး” ဟု ဆိုသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသော တပ်မတော်သားများမှာ ကျောက်ဖြူမြို့နယ် တောင်ပေါ်ကြီးတပ်မှ ဖြစ်ကြောင်းလည်း ဒေသခံများကပြောဆိုကြသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း စနဲမြို့ ပြုံးပြည့်ကျေးရွာနှင့် အလယ်ချောင်းကျေးရွာကြားတွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ဗီဒီယိုများ