စနဲစခန်းမှူး ဖမ်းဆီးခံရမှုကြောင့် စစ်ဆေးမှုတင်းကျပ်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲ့မြို့ရဲစခန်းမှ စခန်းမှူးကို ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက် ၇ နာရီခွဲအချိန် စနဲဈေးတွင် အရပ်ဝတ်ဖြင့်လူသုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် စနဲမြို့ခံများကပြောသည်။

24 Jul 2022

DMG ၊ ဇူလိုင် ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲ့မြို့ရဲစခန်းမှ စခန်းမှူးကို ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက် ၇ နာရီခွဲအချိန် စနဲဈေးတွင် အရပ်ဝတ်ဖြင့်လူသုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် စနဲမြို့ခံများကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့်စခန်းမှူးမှာ ရဲအုပ် ကျော်ဇင်ဝင်းဖြစ်ပြီး စနဲ့ဈေးသို့ ဆိုင်ကယ်ဖြင့် ဈေးလာဝယ်သည့်အချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“စခန်းမှူးက ဈေးလာဝယ်တာပါ။ အရပ်ဝတ်နဲ့ပါ။ သူဈေးထဲမှာရောက်တော့ အရပ်ဝတ်နဲ့လူသုံးယောက်က ဖမ်းချုပ်ပြီးခေါ်သွားတာတော့ မြင်လိုက်တယ်။ စခန်းမှူးကို ဖမ်းဆီးတဲ့လူတွေကလည်း အရပ်ဝတ်နဲ့ဆိုတော့ ဘယ်အဖွဲ့အစည်းက ဖမ်းတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်”ဟု မျက်မြင်တွေ့ရှိသူ စနဲမြို့ခံတစ်ဦးက DMG သို့ပြောသည်။

အဆိုပါ ဒေသတဝိုက်တွင် ရက္ခိုင့်တပ်တော်(AA)က လှုပ်ရှားမှုများရှိနေသဖြင့် ထိုသို့ စခန်းမှူးကိုဖမ်းဆီးခဲ့သူများမှာ AA တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုလည်း မြို့ခံများကယူဆနေကြသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး စနဲမြို့ ဈေးအဝင်လမ်းနှင့် ကျောက်ဖြူ- ရန်ကုန်လမ်းမကြီး လမ်းဆုံလမ်းခွနေရာများတွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့များက လမ်းသွားလမ်းလာများကို တားမြစ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

“သူတို့လူ အဖမ်းခံရတော့ ထုံးစံအတိုင်း တွေ့သမျှလူတွေကို မေးမြန်းစုံစမ်းတာတွေ လုပ်နေတယ်။ လူတွေလည်း ကြောက်လန့်ပြီးတော့ ဈေးဆိုင်ခန်းတွေလည်း ပိတ်ထားကြပြီ၊ ဘယ်သူမှ လည်း အပြင်ကိုမထွက်ရဲကြတော့ဘူး။ အခု စနဲမြို့က ခြောက်ကပ်နေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ စနဲမြို့ခံ အမျိုးသားများမှာ ခေါ်ယူစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် နီးစပ်ရာသို့နေရာများသို့ ရှောင်တိမ်းနေကြရဟုလည်း သိရသည်။

ထိုသို့ စနဲစခန်းမှူး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရသူကို DMG က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိသေးပေ။

ယင်းအပြင် ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း အဆိုပါကိစ္စကို သတင်းပေးပို့လာခြင်းမရှိသေး၍ မသိရသေးကြောင်းပြောသည်။

လက်ရှိ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး မြန်မာစစ်တပ် တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များကို AA က ဖမ်းဆီးမှုများရှိနေသလို မြန်မာစစ်တပ်ကလည်း AA နှင့်ဆက်နွယ်သည်ဟု စွပ်စွဲကာ ဒေသခံအချို့ကို ဖမ်းဆီးမှုများရှိနေသည်။

ဗီဒီယိုများ