အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် စနဲဒေသခံနှစ်ဦးအား ကျောက်ဖြူအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း မိသားစုဝင်များပြော

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံနှစ်ဦးအား ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ပြီး ကျောက်ဖြူအကျဉ်းထောင်သို့ နိုဝင်ဘာလ ၁၆ရက်နေ့က ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 17 Nov 2020

နှင်းနွယ် | DMG
နိုဝင်ဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံနှစ်ဦးအား ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ပြီး ကျောက်ဖြူအကျဉ်းထောင်သို့ နိုဝင်ဘာလ ၁၆ရက်နေ့က ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အကျဉ်းထောင်သို့ ပို့ဆောင်ထားသော ကိုငြိမ်းတောက်နှင့် ကိုအောင်ထွန်းလင်းတို့နှစ်ဦးအား နိုဝင်ဘာလ ၉ ရက်နေ့က ကျောက်ဖြူမြို့မရဲစခန်းတွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊၅၂( က)တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးနှင့် တွေ့ခွင့်ရရှိရန် မိသားစုဝင်များက နိုဝင်ဘာလ ၉ ရက်နေ့တွင် ရဲစခန်းသို့ သွားရောက်ခဲ့ရာ တွေ့ခွင့်မရခဲ့သဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထပ်မံသွားခဲ့သော်လည်း ရဲစခန်း၌မရှိတော့ဘဲ ကျောက်ဖြူအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဖမ်းဆီးခံရထားရသူ ကိုအောင်ထွန်းလင်း၏မိခင် ဒေါ်ပုမယေက DMG သို့ပြောသည်။

“အကျဉ်းထောင်ထဲမှာ ရှိတယ်လို့ပြောပေမယ့် တွေ့ခွင့်လည်းမပေးဘူး။ သူတို့ပါးစပ်က ရှိတယ်လို့ပြောတာကိုပဲ ကြားနေရတယ်။ အဝတ်အစားတွေ၊စားစရာတွေ ဝယ်သွားတော့လည်း ပေးလို့မရဘူးပြောတယ်။  ကျမတို့ကတော့ သူတို့သာအမှန်တကယ် အချုပ်ခန်းထဲမှာရှိတယ်ဆို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးစေချင်တယ်” ဟု ၎င်းက ဆက်၍ရှင်းပြသည်။

 နိုဝင်ဘာလ (၄)ရက်နေ့က စနဲမြို့ဒေသခံများဖြစ်သည့် ကိုထွန်းလှ၊ ကိုငြိမ်းတောက်နှင့် ကိုအောင်ထွန်းလင်းတို့ သုံးဦးမှာ ကုလားပုန်းကျေးရွာအနီးရှိ ကျွန်းတောင်ပိုက်ဆိပ်၌ ငါးရှာနေစဉ် တပ်မတော်သားများ၏ ဖမ်းဆီး ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာလ (၉)ရက်နေ့ ထုတ်ပြန်ရာတွင်မူ ၎င်းတို့သုံးဦးမှာ တန်းဇင်းမြစ်အတွင်း သွားလာနေသည့် တပ်မတော်ရေယာဉ်အား ပစ်ခတ်မှုတွင်ပါဝင်ခဲ့သည့် AA တပ်ဖွဲ့ဝင်များသာဖြစ်ကြောင်း ပြောဆိုထားသည်။

သို့သော် မိသားစုဝင်များက ၎င်းတို့မှာ မိသားစုစားဝတ်နေရေးအတွက် ငါးရှာသည့်အလုပ်ကို လုပ်ကိုင်စား သောက်နေသူများသာဖြစ်ပြီး AAနှင့်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ဖမ်းဆီးခံထားရသူ ကိုအောင်ထွန်းလင်း၏ဇနီးဖြစ်သူ မရီရီအောင်က “သူ့ကို အကြမ်းဖက်ပုဒ်မနဲ့ စွဲရအောင်ထိ သူက အေအေအဖွဲ့ဝင်တွေနဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ ကျမယောက်ျားဆီက သေနတ်တွေ၊ဘာတွေ ဖမ်းရတာလည်းမရှိဘူး။ ကျမယောက်ျားက ရိုးရိုးသားသားလုပ်ကိုင်ပြီး မိသားစုကို ရှာကျွေးနေတာ၊ ဖမ်းတဲ့နေ့ ကလည်း နည်းနည်းတိုင်ပင်စရာရှိလို့ဆိုပြီး သူ့မိဘတွေရှေ့က ခေါ်သွားကြတာ”ဟု သူကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံခဲ့ရသည့် စနဲဒေသခံသုံးဦးအနက် ကိုထွန်းလှမှာ လွတ်မြောက်လာပြီး ကျန်နှစ်ဦးမှာ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရ၍ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ကျမသားက ငယ်ငယ်ကတည်းက စိတ်ကသိပ်မမှန်တော့ အရမ်းကြောက်တတ်တယ်။ အခုဆို အကျဉ်းထောင်ထဲမှာ ဘယ်လိုနေမလဲမသိဘူး။ ကျန်းမာရေးကော ကောင်းပါ့မလားဆိုပြီး စိတ်ပူတယ်။ ကျမတို့မှာ သားမိနှစ်ယောက်ပဲရှိတော့ အဆင်ပြေသလို လုပ်ကိုင်စားသောက်နေကြတာ။ အခု သားကိုတွေ့ခွင့်မရတော့ အရမ်းဝမ်းနည်းမိတယ်’’ ဟုဖမ်းဆီးခံထားရသည့် ကိုငြိမ်းတောက်၏မိခင် ဒေါ်မခင်မြင့်က ဆိုသည်။

အလားတူ ရမ်းဗြဲမြို့နယ်၊ကုလားပုန်းကျေးရွာသား(၅)ဦးမှာလည်း တပ်မတော်ရေယာဉ်အား ပစ်ခတ်မှုဖြစ်စဉ် တွင်ပါဝင်သည်ဟုဆိုကာ နိုဝင်ဘာလ(၇)ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ယင်းထဲမှ (၄)ဦးကိုကျောက်ဖြူမြို့မ ရဲစခန်းတွင်ထိန်းသိမ်းထားကာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)(ည)၊၅၂(က)ဖြင့် ရမ်းဗြဲမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇောထံမှသိရသည်။

ကျောက်ဖြူခရိုင်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိသော်လည်း ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း ဝင်ရောက်စစ်ဆေးမှုများ၊ သံသယဖြင့်အရပ်သားဖမ်းဆီးခံရမှုများ တဖြည်းဖြည်းများလာနေသည်။

DMG ကကောက်ယူရရှိထားသည့် စာရင်းအရ ရခိုင်ပြည်နယ်၌ ၂၀၂၀ပြည့်နှစ်၊ ဇွန်လကနေ ယနေ့(နိုဝင်ဘာလ ၁၇ရက်နေ့)အထိ ကျောက်ဖြူခရိုင်အတွင်းတွင် သံသယဖြင့်ဖမ်းဆီးခံရသည့် အရပ်သား စုစုပေါင်း(၅၄)ဦးထိ ရှိနေသည်။

ဗီဒီယိုများ