ဆားချက်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၃ နှစ်ကျော်ကြာမြင့်လာသည့်အတွက် ဆရာဝန်ချပေးရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်အားထားနေရသည့် ဆားချက်တိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့် ဆရာဝန်ပြောင်းရွှေ့သွားပြီးနောက် နောက်ထပ်ဆရာဝန်မရှိသည်မှာ ၃ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

09 Oct 2021

DMG ၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်အားထားနေရသည့် ဆားချက်တိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့် ဆရာဝန်ပြောင်းရွှေ့သွားပြီးနောက် နောက်ထပ်ဆရာဝန်မရှိသည်မှာ ၃ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆရာဝန်မရှိသည့်အတွက် ဒေသခံများမှာ ကျန်းမာရေး ကိစ္စအတွက် အခက်အခဲဖြစ်နေရသည်ဟု ပြောသည်။

အဆိုပါတိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့်ဆရာဝန်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ လူဦးရေတစ်သောင်းကျော်မှာ ဆားချက်တိုက်နယ်ဆေးရုံကို ကျန်းမာရေးကိစ္စအတွက် အားထားနေရခြင်းဖြစ်ကြောင်း ဆားချက်ကျေးရွာ ဒေသခံ ဦးခင်မောင်ကျော်က ပြောသည်။

"ဆေးရုံမှာကဆရာဝန်မရှိတာ ၃ နှစ်ရှိနေပြီ။ တင်ပြတောင်းဆိုပေမဲ့မရဘူး။ ဒီဆေးရုံကို မာန်အောင်မြို့နယ်တစ်ခုလုံးထဲက လူဦးရေ တစ်သောင်းကျော်လောက်က အားထားနေရတယ်။ အခုကျန်းမာရေးကိစ္စနဲ့ မြို့ကိုပြေးနေရတော့ တော်တော်အခက်အခဲဖြစ်နေတယ်"ဟု ၎င်းကဆိုသည်။

လက်ရှိဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ဆေးရုံအဆောက်အဦးနှင့် အခြားသောပစ္စည်များထိန်းသိမ်းမှုအားနည်းကာ ဆေးရုံအတွင်းပစ္စည်းများ ပျက်စီးမှုများစွာရှိလာနေသည်ဟုလည်း ဒေသခံများကပြောသည်။

ဆင်းရဲချို့တဲ့သည့်ဒေသခံများမှာ မြို့ပေါ်ဆေးရုံသို့သွားရောက်ရန် ငွေကြေးအခက်အခဲများရှိသည့်အပြင် မြို့ပေါ်ဆေးရုံနှင့် ခရီးဝေးလွန်းသည့်အတွက်လည်း ဆေးကုသမှုမခံရဘဲ လူနာသေဆုံးမှုများရှိကြောင်းလည်း ဆားချက်ကျေးရွာသားတစ်ဦးက ပြောသည်။

ဆားချက်ကျေးရွာမှ ဦးသိန်းထွန်းအောင်က “ဆေးရုံမှာကတော့ လုပ်သားလေးယေက်ရှိတယ်။ မြို့ကအလှည့်ကျအနေနဲ့ လာကြတဲ့ ဆရာမတွေရှိတယ်။ ဒါပေမဲ့ဆေးရုံမှာက ဆရာဝန်မရှိတဲ့အခါ ဆေးရုံဝန်ထမ်းတွေကလဲ အလုပ်အပေါ်လေးစားမှုမရှိတဲ့ သဘောကြောင့် ရှိတဲ့ဆရာမတွေဆီမှာမကုရဲဘူးဖြစ်နေတယ်”ဟု ဦးသိန်းထွန်းအောင်ကဆိုသည်။

တိုက်နယ်ဆေးရုံတစ်ခုအနေဖြင့် ဆရာဝန်မရှိသည်မှာ ၃ နှစ် ကြာမြင့်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ပြည်သူ့ကျန်းမာရေးကိုအလေးထားကာ ဆရာဝန်အမြန်ချပေးရန်လိုကြောင်း တောင်းဆိုကြသည်။

ဗီဒီယိုများ