သမိုင်းဝင် ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်ကြောင်း အေအေပြော

ရခိုင်ပြည်နယ်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းများရှိနေသေးကြောင်း ဒေသခံများကပြောဆိုပြီး ယင်းသို့ဘုရားပုထိုးများ၌ တပ်စွဲနေထိုင်ခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်း(Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

11 Oct 2021

DMG ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းများရှိနေသေးကြောင်း ဒေသခံများကပြောဆိုပြီး ယင်းသို့ဘုရားပုထိုးများ၌ တပ်စွဲနေထိုင်ခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်း(Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

မြောက်ဦးမြို့ရှိ သင်းကျစ်တော်ဘုရားနှင့် ရွှေတောင်စေတီတော်မြတ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား စသည့်သမိုင်းဝင်ဘုရားပုထိုးများတွင် မြန်မာစစ်တပ်က ယာယီတပ်စွဲထားကြောင်း ဒေသခံများကပြောသည်။

ယင်းသို့ မြန်မာစစ်တပ်က တပ်စွဲထားခြင်းအပေါ် အေအေပြောခွင့်ရသူ ခိုင်သုခက “ဒီရှေးဟောင်းသာသနိက အဆောက်အအုံတွေရှိတဲ့နေရာ၊ နောက်ပြီးတော့ စေတီ၊ပုထိုးတွေရှိတဲ့နေရာတွေကို သိမ်းပိုက်ထားပြီးတော့ တပ်စွဲထားတယ်ဆိုတာကတော့ ဒါမြန်မာစစ်တပ်အနေနဲ့ Geneva Convention ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်တယ်”ဟု DMG သို့ ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်က ကျိန်းတောင်စေတီတွင် မြန်မာစစ်တပ်တပ်စွဲထားပြီး သီတင်းကျွတ်လပြည့်နေ့၌ အများပြည်သူများဖူးခွင့် ၃ ရက်ရရှိရန် သံဃာအသင်း၊ အုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းများစုပေါင်းကာ မင်းပြားတပ်နယ်ဗျူဟာမှူးသို့ သွားရောက်တောင်းဆိုခဲ့သော်လည်း တစ်ရက်သာခွင့်ပြုပေးခဲ့ကြောင်း မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်က DMG သို့ပြောသည်။

“မနေ့ကတော့ ဂေါပကအဖွဲ့တွေ၊ သံဃာအသင်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက သီတင်းကျွတ်လပြည့်နေမှာ ပြည်သူတွေဖူးခွင့် ၃ ရက်ရရှိဖို့အတွက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ တစ်ရက်ပဲခွင့်ပြုတယ်။ သင်္ကြန်တုန်းကလည်း အချိန်ပိုင်းနဲ့ပဲ ခွင့်ပြုပေးခဲ့တယ်။ လွတ်လွတ်လပ်လပ်သွားလာခွင့်ရတာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

မင်းပြားမြို့ ကျိန်းတောင်ဘုရားကို ပြည်သူများအနေဖြင့် လွတ်လွတ်သွားလာခွင့်ပြုပေးစေလိုကြောင်း ဦးလှသိန်းအောင်က တောင်းဆိုသည်။

 မြန်မာစစ်တပ်မှ ၂၀၁၉ ခုနှစ်မှစ၍ မင်းပြားမြို့ကျိန်းတောင်ဘုရားပေါ်တွင် တပ်စွဲထားခြင်းဖြစ်ကာ လက်ရှိအချိန်တွင်လည်း ရှိနေဆဲဖြစ်သည်။

အလားတူ မြောက်ဦးမြို့နယ် သင်းကျစ်တော်တောင်တွင်လည်း မြန်မာစစ်တပ်က တပ်စွဲထားသည့်မှာ ၂ နှစ်ကျော်ကြာမြင်နေပြီး လက်ရှိအချိန်ထိတပ်စွဲထားကြောင်း မြောက်ဦးဒေသခံ ကိုဇော်ထွန်းက DMG သို့ပြောသည်။

''တိုက်ပွဲစဖြစ်ကတည်းက တပ်စွဲထားတာ။ အခုချိန်ထိ ရှိနေတုန်းပဲ။ အဲဒီတောင်ကို ဘယ်သူမှမသွားရဲကြဘူး။ ဝါလည်းကျွတ်တော့မှာဆိုတော့ ပြည်သူတွေဘုရားဖူးမြော်ဖို့အတွက် အဲဒီတောင်ကိုဖွင့်ပေးစေချင်တယ်''ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နယ် ၃၁ ဘုံစေတီတွင်လည်း ယနေ့အချိန်ထိ မြန်မာစစ်တပ်မှ တပ်စွဲနေရာယူထားကြောင်း သိရသည်။

မြန်မာစစ်တပ်က သမိုင်းဝင်ဘုရားပုထိုးများတွင် တပ်စွဲထားသည်ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

မတ်လ ၁၈ ရက်နေ့က တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များနှင့်တွေ့ဆုံခဲ့စဉ်ကမူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လင်ဦးက တောင်ပေါ်၌တည်ရှိသည့် ဘုရား၊ ပုထိုး၊ စေတီများတွင် ဒေသခံများလွတ်လပ်စွာဘုရားဖူးခွင့်ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီဒီယိုများ