မြောက်ဦးမှ ရှေးဟောင်းပုထိုးတော်တချို့ ရေရှည်တည်မြဲရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေ

ရခိုင်တို့၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော မြောက်ဦးမြို့ရှိ   ရှေးဟောင်းပုထိုးတော်တချို့မှာ ရေရှည်တည်မြဲရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း  မြောက်ဦးယဉ်ကျေးမှုထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း ကဆိုသည်။

19 May 2021

DMG | မေ ၁၉

ရခိုင်တို့၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော မြောက်ဦးမြို့ရှိ   ရှေးဟောင်းပုထိုးတော်တချို့မှာ ရေရှည်တည်မြဲရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း  မြောက်ဦးယဉ်ကျေးမှုထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း ကဆိုသည်။

အဆိုပါပုထိုးတော်များမှာ သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်နှင့် ထုက္ကံသိမ်ပုထိုးတော် တို့ဖြစ်ကြပြီး အခြား မလေ့လာရသော ပုထိုးတော်များလည်း ရှိနိုင်သေးကြောင်း သူကဆိုသည်။

“မြောက်ဦးမှာရှိတဲ့ ပုထိုးတော်တချို့ဟာ မှားယွင်းပြုပြင်မှုတွေကြောင့် ရေရှည် မတည်တံ့မှာကို စိုးရိမ်နေရတယ်။ ဥပမာပြောရရင် သျှစ်သောင်းပုထိုးတော်ကို သဲကျောက်တွေနဲ့ အုပ်ထားတယ်။
ဒါကိုလက်ရှိမှာ အဲ့ဒီအပေါ်ကနေ ကြွေပြားတွေ ထပ်ခင်းထားကြတယ်။ ဒီလိုလုပ်လိုက်ခြင်းဖြင့် ရေဝင်ရေထွက် စနစ်တွေကို ထိခိုက်စေပြီးတော့ ရေရှည်အတွက် မကောင်းတဲ့ဘက်ကို ရောက်စေနိုင်တယ်” ဟု ဒေါ်ခင်သန်းကဆိုသည်။

ထိုကဲ့သို့ ရှေးဟောင်းပုထိုးတော်များ ရေရှည်တည်တံ့နိုင်ရေးအပေါ် ထိခိုက်လာနေသဖြင့် သက်ဆိုင်ရာ  ဂေါပကအဖွဲ့ဝင်များအနေဖြင့်လည်း မလိုလားအပ်သည့် အမှားများကို ဂရုစိုက်ရန်လိုအပ်သလို ရှေးဟောင်းပုထိုးတော်များကို ထိန်းသိမ်းရာ၌ မိမိဆန္ဒအလျှောက် ပြုပြင်မှုများကိုပါ ဂရုစိုက်သင့်ကြောင်းလည်း ဒေါ်ခင်သန်းက ပြောသည်။

မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များမှာ လူထုမှ ကျူးကျော်မှုများ၊ ရာသီဥတုကြောင့် ထိခိုက်မှုများနှင့် မှားယွင်းပြင်ဆင်မှုများကြောင့် ယိုယွင်းပျက်စီးလာနေကြောင်းကိုလည်း မြောက်ဦးဒေသ UNESCO ဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်သော ဒေါက်တာ တင်မာအောင်က ဆိုသည်။

“ကျွန်မက တစ်နှစ်မှာ မြောက်ဦးကို တစ်ကြိမ်အမြဲရောက်တယ် ။ ဒီဒေသရဲ့အခြေအနေတွေကို အမြဲလေ့လာဖြစ်တယ်။ ဒီတော့ ဒီမှာဖြစ်နေတဲ့အခြေအနေတွေကို မြင်နေရတယ်။ သဲကျောက်နဲ့ လုပ်ထားတဲ့ ပုထိုးတော်တွေပေါ်မှာ အင်္ဂတေတွေနဲ့ ပြန်ပြီး မွမ်းမံတာ။ ကြွေပြားခင်းတာတွေက ဒီရှေးဟောင်းပုထိုးတော်တွေအတွက် စိုးရိမ်စရာဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ရှေးဟောင်း စေတီပုထိုးတော်များကို ပြုပြင်မွမ်းမံမှုများပြုလုပ်ရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကိုရယူပြီးမှသာ ဆောင်ရွက်သင့်သည့်အတွက် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ထိမ်းသိမ်းရန် ကျွမ်းကျင်ပညာရှင်များ လိုအပ်ကြောင်း ဒေါ်ခင်သန်းကဆိုသည်။

“ကျွန်မတို့နိုင်ငံမှာက သဲကျောက်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက အရမ်းရှားပါးနေသေးတယ်။ ဒါကြောင့် ဒီလိုကျွမ်းကျင်ပညာရှင်တွေ ရှိဖို့အတွက်ဆိုရင် နိုင်ငံခြားက ပညာရှင်တွေလိုအပ်တယ်။ ဒါတွေဖြစ်လာဖို့ကလည်း မြောက်ဦးကို UNESCO ဝင်ဖို့လိုတယ်” ဟု သူက ပြောသည်။

လက်ရှိတွင် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသအား UNESCO စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းနေကြပြီး ယခုနှစ်အတွင်း အပြီးသတ်အဆိုပြုလွှာကို တင်သွင်းနိုင်အောင် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ