တည်ငြိမ်နေသည့်အချိန်တွင် လူထုကို အထိတ်တလန့်ဖြစ်အောင် မလုပ်သင့်ဟု AA ပြော

ရခိုင်ပြည်နယ်တွင် တပ်မတော်မှ လက်နက်များစမ်းသပ်ပစ်ခတ်မည့် သတင်းများထွက်ပေါ်လာပြီးနောက် ဒေသတွင်းစိုးရိမ်မှုများ ရှိနေကြသည်။

19 May 2021

ရခိုင်တွင်လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများအား တွေ့ရစဉ်

DMG | မေ ၁၉

ရခိုင်ပြည်နယ်တွင် တပ်မတော်မှ လက်နက်များစမ်းသပ်ပစ်ခတ်မည့် သတင်းများထွက်ပေါ်လာပြီးနောက် ဒေသတွင်းစိုးရိမ်မှုများ ရှိနေကြသည်။

မေလ ၁၂ ရက်နေ့က မြောက်ဦးမြို့နယ်မှ ကျေးရွာတချို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် လက်နက်များ စမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မေလ ၁၈ ရက်နေ့က ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယင်းအပြင် စစ်တွေမြို့နယ်မှ ကျေးရွာတချို့ကိုလည်း လက်နက်များစမ်းသတ်ပစ်ခတ်မည်ဟု မြို့နယ်မှ နှုတ်ဖြင့်အကြောင်းကြားခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ထွေအုပ်ရုံးက စာဝင်လာတယ်လို့ပြောတယ်။ လက်နက်ကြီးပစ်ခတ်ဖို့ ရွာတွေကို အသိပေးရုံပါပဲ။ မြို့နယ်ရုံးကို စာဝင်လာတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူး ဒီလိုစာဝင်လာတယ်။ ကျေးရွာတွေကို နိုးဆော်လိုက် ရွာသားတွေ မကြောက်နဲ့ စမ်းတာဖြစ်တယ်ဆိုပြီးတော့ပေါ့” ဟု ၎င်းကပြောသည်။

ထိုသို့ သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး တည်ငြိမ်နေသည့် အခြေအနေတစ်ခုတွင် ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် ကိစ္စမျိုးကို မလုပ်ဆောင်သင့်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က ပြောသည်။

“အခုဆိုလို့ရှိရင် ရခိုင်ဒေသမှာ တော်တော်လေးတည်ငြိမ်မှုရနေတယ်။ တည်ငြိမ်မှုတွေရနေတာကို ပြည်သူတွေကြားထဲမှာ ပြန်ပြီးတော့ အထိတ်တလန့်ဖြစ်အောင်တော့ မလုပ်သင့်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်” ဟု ၎င်းကပြောသည်။

တပ်မတော်မှ ပစ်ခတ်မှုပြုလုပ်မည်ဆိုသည်မှာ လက်နက်ကြီးများ မဟုတ်သလို လူထုကို အန္တရာယ်မဖြစ်စေရန် စက်ပစ်ကွင်းရှိသည့်နေ့ရာ၌သာ ပစ်ခတ်မည်ဖြစ်သည့်အတွက် အသိပေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက မေလ ၁၈ ရက်နေ့က မီဒီယာများကို ပြောဆိုသည်။

“တပ်မတော်ပိုင်းကလည်း စစ်ရေးလေ့ကျင့်မှုတွေလုပ်တဲ့အခါမှာ ဘယ်နေရာမှာ ဘယ်ဧရိယာမှာ လုပ်နေတယ်။ လူတွေ၊ စက်လှေတွေ၊ ငါးဖမ်းသမားတွေ အဲဒီဧရိယာကို မလာရလို့ ကြေငြာပေးရတယ်။ အခုလည်း အဲဒီလိုပါပဲ။ စက်ပစ်ကွင်းမှာပစ်မယ်။ ခါတိုင်းကတော့ သေနတ်သံလည်း မကြားရဘူး။ ပစ်သံလည်းမကြားရဘူး။ လူတွေက ပေါ့ပေါ့လျော့လျော့သွားနေရင် သူတို့ပစ်တဲ့ခတ်တဲ့အခါ အန္တရာယ်ဖြစ်မှာ စိုးတဲ့အတွက် စက်ပစ်ကွင်းရှိတဲ့နေရာမှာ ပစ်ပါမယ်လို့ ပြောတာဖြစ်တဲ့အကြောင်း နားလည်အောင်ပြောပေးပါလို့ ပြောပါတယ်။ ဆိုတော့ စက်ပစ်ကွင်းမရှိတဲ့နေရာမှာ မဖြစ်ဘူး။ စက်ပစ်ကွင်းရှိတဲ့နေရာမှာ အရင်ကရှိခဲ့တဲ့  ဂျီသရီး၊ ဂျီဖိုးဒီလက်နက်တွေကို ပြန်ပြီးတော့ ပစ်ခတ်စမ်းသပ်မှာဖြစ်ပါတယ်။ အမြှောက်မပါဘူး။ ဒုံးမပါဘူး” ဟု ဉီးလှသိန်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ လက်ရှိတွင် (၆)လခန့် ကြမြင့်လာပြီဖြစ်သည်။

တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်တစ်သိန်းကျော်မှာ နေရပ်ပြန်သွားကြပြီး ကျန်စစ်ဘေးရှောင် တစ်သိန်းခန့်မှာ လက်ရှိအချိန်ထိ နေရပ်ပြန်မပြန်နိုင်သေးဘဲ စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ