ရခိုင်တွင် တိုက်ပွဲများ ယခင်ထက်လျော့နည်းလာဟု AA ပြော

“တိုက်ပွဲကတော့ အရင်နဲ့ယှဉ်ရင် နည်းနည်းလျော့နည်းလာတဲ့သဘောရှိတယ်။ သို့သော် ဗမာစစ်တပ်ဘက်က ထိုးစစ်တွေကိုမတန့်ဘဲ ဆက်ပြီးလုပ်နေတဲ့အတွက် တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတာ။ တကယ်လို့ ဗမာ စစ်တပ်ဘက်က သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်တန့်လိုက်မယ်ဆိုရင် တိုက်ပွဲက လုံးဝရပ်သွားမယ့် အနေ အထားမှာရှိတယ်” 

By ဝင်းညွန့် 13 Sep 2019

ဝင်းညွန့် | DMG

စက်တင်ဘာ ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ ယခင်ထက် လျော့နည်းလာနေကြောင်း ရခိုင်ပြည်နယ် အတွင်း မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA)က ဆိုသည်။

မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ထားမည်ဆိုပါက တိုက်ပွဲများ လုံးဝရပ်သွားမည့် အနေအထားတွင်ရှိကြောင်းလည်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“တိုက်ပွဲကတော့ အရင်နဲ့ယှဉ်ရင် နည်းနည်းလျော့နည်းလာတဲ့သဘောရှိတယ်။ သို့သော် ဗမာစစ်တပ်ဘက်က ထိုးစစ်တွေကိုမတန့်ဘဲ ဆက်ပြီးလုပ်နေတဲ့အတွက် တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတာ။ တကယ်လို့ ဗမာ စစ်တပ်ဘက်က သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်တန့်လိုက်မယ်ဆိုရင် တိုက်ပွဲက လုံးဝရပ်သွားမယ့် အနေ အထားမှာရှိတယ်” ဟု ၎င်းကပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ MNDAA ၊ AA တို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယခု စက်တင်ဘာလကုန်အထိ ရပ်တန့်ထားမည်ဖြစ်ကြောင်းနှင့် တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်မှထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့တွင် AA က သတင်းထုတ်ပြန်ထားသည်။

“ဗမာစစ်တပ်ဘက်က ဘူးသီးတောင်ဘက်မှာ ထိုးစစ်ဆင်နေတာ တစ်ပတ်လောက်ရှိပြီ။ အဲဒီနေရာကို သူတို့ဘက်က နောက်ထပ်စစ်အင်အားတွေ၊ စစ်လက်နက်ပစ္စည်းတွေ ထပ်ပို့နေတဲ့ စက်လှေငါးစီးတန်းကို ကျနော်တို့ဘက်က သုံစီးပစ်ခတ်တာရှိတယ်။ ကျနော်တို့က မိမိကိုယ်ကို ခုခံကာကွယ်တဲ့ အနေနဲ့ ကျနော်တို့ကို တိုက်ဖို့လာတဲ့သူတွေကို ကျနော်တို့က ဟန့်တားတိုက်ခိုက်တာဖြစ်တယ်” ဟု ခိုင်သုခက ဆိုသည်။

ထို့ပြင် မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ ကျောက်ကျပ်ကျေးရွာအနီးတို့တွင်လည်း တပ်မတော်နှင့် AA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။

AA ၏ ထုတ်ပြန်ချက်ထဲတွင် ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်၏ စစ်ကြောင်း၊ တပ်ရင်းများ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရာတွင် အရပ်သားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများရှိကြောင်း ဖော်ပြ ထားသည်။

ယခုကဲ့သို့ အရပ်သားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေသည်ဆိုသည့်အပေါ် အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် ကျိုင်းတုံဆွေးနွေးပွဲသို့ တက်ရောက်ရန် သဘောတူညီခဲ့ပြီး ၎င်းဆွေးနွေးပွဲအား မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးနိုင်ကြောင်း ပြောဆိုမှုများရှိသည်။

ဗီဒီယိုများ