ရခိုင်တွင် အပစ်ရပ်ထားရုံဖြင့် လွတ်လပ်ပြီးတရားမျှသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း NLD ပြော

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်မြို့နယ်များတွင် လက်ရှိအချိန်၌ တိုက်ပွဲများမဖြစ်ရုံမျှဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်သည်ဟု မဆိုနိုင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

By မင်းထွန်း 17 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်မြို့နယ်များတွင် လက်ရှိအချိန်၌ တိုက်ပွဲများမဖြစ်ရုံမျှဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်သည်ဟု မဆိုနိုင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD အနေဖြင့် ရွေးကောက်ပွဲများ အမြန်ဆုံးပြန်လည်ကျင်းပရေးကို လိုလားသော်လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ လွတ်လပ်ပြီး တရားမျှတမှုဟာ ရွေးကောက်ပွဲရဲ့ အသက်ဖြစ်ပါတယ်။ အဲဒီတော့ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတမှုကို အာမခံနိုင်ဖို့လိုတယ်။ တိုက်ပွဲတွေ ခေတ္တရပ်ထားရုံမျှနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှ စတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများသည် ၂ နှစ်နီးပါးအထိ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ သို့သော်လည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များ၌ ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရန် ရက္ခိုင့်တပ်တော် AA က တိုက်တွန်းခဲ့သည်။

ယင်းနေ့တွင်ပင် တပ်မတော်ကလည်း AA ၏ တိုက်တွန်းချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ရခိုင်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ တစ်လကျော်အထိရှိလာပြီး လက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်များ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးအပါအဝင် အပစ်အခတ်ရပ်စဲရေး ခိုင်မာလာစေရန် တွေ့ဆုံဆွေးနွေးခြင်းများ ရှိလာနေခြင်းဖြစ်သည်။

“အဓိကတော့ တိုက်ပွဲမရှိရင် ရွေးကောက်ပွဲက ကျင်းပလို့ရတယ်။ တပ်မတော်နဲ့ AA ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် တောင်းဆိုမှုတွေအပေါ် ထောက်ခံမှုတွေရှိတယ်။ အဲလိုဆိုရင် အဖြေက ရှင်းနေတယ်။ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပဘူးဆိုရင် အခု လုံခြုံရေးကောင်းနေတယ်လို့ ပြောလို့ရတယ်၊ အခုချိန်ထိ တိုက်ပွဲလည်းမဖြစ်ဘူး၊ နှစ်ဖက် သဘောတူညီမှုအပေါ်မှာပဲ ကတိစောင့်ပြီးနေကြတယ်။ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင် (UEC) အနေနဲ့သာ ကျင်းပချင်တဲ့ စိတ်ရှိမယ်ဆိုရင် ကျင်းပလို့ရတယ်” ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ဆိုသည်။

ရွေးကောက်ပွဲမကျင်းနိုင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ သဘောထားမှတ်ချက်များကိုရယူပြီး ဆုံးဖြတ်ကြေငြာခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ ပြောဆိုထားသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရ၏ သဘောထားမှတ်ချက်သည် အရေးကြီးနေကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“အခုက အစိုးရရဲ့ သဘောထားမှတ်ချက်က အရေးကြီးနေတယ်။ မနေ့ကလည်း သမ္မတ ဦးဝင်းမြင့်က (ရွေးကောက်ပွဲ) လုပ်ဖို့ တိုက်တွန်းတယ်လို့ ပြောတာပဲဖြစ်တယ်။ အမှန်က ကော်မရှင် (UEC) ကို သဘောထား မှတ်ချက်ပေးရမှာဖြစ်တယ်။ ရွေးကောက်ပွဲလုပ်ဖို့ အစိုးရက သဘောတူတယ်ဆိုတာကို သဘောထားမှတ်ချက် ပေးလိုက်ရင် ကော်မရှင်ကလုပ်ရမှာဖြစ်တယ်”  ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကျင်းပခွင့်မရရှိခဲ့သည့် ရခိုင်က မြို့နယ်တချို့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရကြောင်းနှင့် အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့ အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံထားသည်။

အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် ရခိုင်ဒေသတချို့တွင် ဒီဇင်ဘာ ၃၁ မတိုင်မီ ပြန်လည်ကျင်းပပေးရန် AA ၏ တောင်းဆိုချက်ကို တပ်မတော်မှ ကြိုဆိုကြောင်းနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း၏သဝဏ်လွှာမှတစ်ဆင့် ပြောဆိုထားသည်။

သို့သော်လည်း ရခိုင်က ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် ဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ခြင်း၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ခြင်းမရှိသေးခြင်းအပါအဝင် မဲလာပေးမည့် ပြည်သူများနှင့် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမည့် အခွင့်အရေးရရှိရေး စသည့် အချက်များကို ပြည့်စုံအောင် လုပ်ဆောင်ရမည်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒါဟာ အစိုးရတစ်ဖွဲ့တည်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ဖွဲ့တည်း လုပ်လို့ရတာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အတူ သက်ဆိုင်ရာဌာနအသီးသီးနဲ့ ပြည်သူတွေအားလုံး၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပါဝင်ဆောင်ရွက်မှ ဖြစ်နိုင်မယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အားလုံး ပူးပေါင်းပါဝင်ကြပါလို့ သမ္မတကြီးက သူ့ရဲ့သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်” ဟု သူကဆိုသည်။

တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ ဆုံးဖြတ်ပါက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) အနေဖြင့် အဆင်သင့်ရှိကြောင်း ယင်းကော်မရှင်တာဝန်ရှိသူများက DMG ကို ပြောဆိုထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခဲ့ရသည့်မြို့နယ် ၉ ခုမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့တွင်လည်း တစ်စိတ်တစ်ပိုင်းသာ ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ