စစ်ဘေးရှောင်(၃၀၀၀)ကျော်ခိုလှုံနေသည့် မြောက်ဦးစစ်ဘေးရှောင်စခန်းတွင် ရေပြတ်လပ်နေ

ယခင်က စစ်ဘေးရှောင်စခန်းအနီးတွင်ရှိသော ရေကန်မှ သောက်ရေ၊သုံးရေရရှိသော်လည်း ယင်းရေကန်မှာ လွန်ခဲ့သည့် လပိုင်းခန့်က ခမ်းခြောက်သွားသည်။ ထို့ကြောင့် ရထားလမ်းဖောက်လုပ်ခဲ့သည့် မြောင်းများမှ မသန့်ရှင်းသည့်ရေကို အသုံးပြုနေကြရသည်။

By ဝင်းညွန့် 12 Jan 2020

လက်ရှိမှာ မသန့်ရှင်းသည့်ရေကို သောက်သုံးနေရသည့်အတွက် စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေသည်။ (ဓာတ်ပုံ - Facebook)

ဝင်းညွန့် | DMG
ဇန်နဝါရီ ၁၂၊ စစ်တွေ

စစ်ဘေးရှောင် (၃၁၇၀) ဦးခိုလှုံနေသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် သောက်ရေ၊ သုံးရေ ပြတ်လပ်သွားသောကြောင့် စစ်ဘေးရှောင်များ ရေအခက်အခဲရှိနေသည်ဟု စခန်းတာဝန်ခံ ဦးဝေလှအောင်က DMG ကို ယနေ့ပြောသည်။

ယခင်က စစ်ဘေးရှောင်စခန်းအနီးတွင်ရှိသော ရေကန်မှ သောက်ရေ၊သုံးရေရရှိသော်လည်း ယင်းရေကန်မှာ လွန်ခဲ့သည့် လပိုင်းခန့်က ခမ်းခြောက်သွားသည်။ ထို့ကြောင့် ရထားလမ်းဖောက်လုပ်ခဲ့သည့် မြောင်းများမှ မသန့်ရှင်းသည့်ရေကို အသုံးပြုနေရသည်ဟု ၎င်းကဆက်လက်ပြောသည်။

“ စစ်ဘေးရှောင်စခန်းထဲမှာရှိတဲ့ ရေကန်ခမ်းသွားတော့ စစ်ဘေးရှောင်တွေမှာ သောက်ရေ၊ သုံးရေတွေ တော်တော်အခက်ခဲရှိနေတယ်။ ရေပြတ်သွားတာတော့ လခွဲလောက်ရှိနေပြီ။ အခုဆိုရင် ရထားလမ်းလုပ်ဖို့အတွက် တူးထားတဲ့မြောင်းက မသန့်ရှင်းတဲ့ရေတွေကိုပဲ သောက်သုံးနေကြရတယ်”ဟု ဦးဝေလှအောင်က ဆိုသည်။

ထိုသို့ မသန့်ရှင်းသည့်ရေကို သောက်သုံးနေရသည့်အတွက် စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ဖြစ်နေသဖြင့် ဆေးကုသမှုခံယူနေရသည်။

“တိမ်ညိုတိုက်နယ်ဆေးရုံးနဲ့လည်း နီးတော့ အခုလောလောဆယ်တော့ အဲဒီတိုက်နယ်ဆေးရုံမှာပဲ သွားပြကြတယ်။ ဆေးရုံးမှာလည်း သိပ်ဆေးဝါးမလုံလောက်တော့ အခက်ခဲတော့ရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သောက်ရေ၊သုံးရေရရှိရန်အတွက် ပြည်နယ်အစိုးရနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ထံ တင်ပြထားသည်ဟု အဆိုပါ စစ်ဘေးရှောင်စခန်းမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများဖြစ်ပေါ်နေသည်။

ဗီဒီယိုများ