ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကို lockdown ချ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတစ်ခုလုံးကို လူအဝင်အထွက်ကန့်သတ်ပြီး lockdown ချလိုက်ကြောင်း စခန်းတာဝန်ခံမှပြောသည်။

15 Jul 2021

DMG ၊ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတစ်ခုလုံးကို လူအဝင်အထွက်ကန့်သတ်ပြီး lockdown ချလိုက်ကြောင်း စခန်းတာဝန်ခံမှပြောသည်။

ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီကစပြီး စခန်းတစ်ခုလုံးကို lockdown ချလိုက်ပြီး အသွားအလာများကို ကန့်သတ်လိုက်သည်ဟု စခန်းတာဝန်ခံ မြတန်းဆောင်းဆရာတော်ကမိန့်သည်။

"မနေ့ညက စခန်းကတာဝန်ရှိသူတွေနဲ့ အကုန်လုံးဆွေးနွေးပြီး lockdown ချလိုက်တာပါ။ စခန်းကလူတွေ တခြားရွာက လူတွေကို ပြန့်ပွားမှုမဖြစ်ရအောင်အတွက်ပါ။ စခန်းတစ်ခုလုံးက လူတွေကိုခေါ်ပြီး Quarantine ဝင်ခိုင်းတာလည်း မဖြစ်နိုင် ဘူးလေ။ ဒါကြောင့် စခန်းတစ်ခုလုံးကို lockdown ချလိုက်တာဖြစ်တယ်" ဟု ဆိုသည်။

ကိုဗစ်ပိုးတွေ့ရှိသူနှင့် ဆက်စပ်နေသည့် စခန်းမှ မိသားစုဝင် ၂ ဦးနှင့် ပိုးတွေ့လူနာ နေထိုင်ခဲ့သည့် ဘုရားကြီးကျေးရွာမှ မိသားစုဝင် ၂ ဦးကိုလည်း ယနေ့တွင် ကျန်းမာရေးဌာနမှ လာရောက်ခေါ်ယူမည်ဟုလည်း သိရသည်။

စစ်ရှောင်စခန်းအတွင်းနေထိုင်သူ ဦးညီပုက "လောလောဆည်တော့ ကျနော်တို့စခန်းမှာ ဆန်တခုတည်းရှိတယ်။ ၁၅ ရက်လောက်စာပဲရှိတာ။ စခန်းကလူတွေက တခြားလိုအပ်တာတွေကို အပြင်ထွက်ပြီး ရှာစားရတာဖြစ်တယ်။ အခုလိုမျိုး အသွားအလာ ကန့်သတ်လိုက်တော့ သူတို့ဘယ်လိုရှာစားကြတော့မှာလဲ။ စားဝတ်နေရေးအတွက် အရမ်းအခက်အခဲဖြစ်လာနိုင်တယ်။ အဲဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးစေချင်တယ်" ဟု ဆိုသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအခက်အခဲအပြင် ကိုဗစ်နှင့်ပတ်သက်သည့် နှာခေါင်းစည်း၊ လက်သန့်ဆေးရည် စသည့်အသုံးအဆောင်ပစ္စည်းများမှာလည်း လုံလောက်မှုမရှိကြောင်း သိရသည်။

ဗီဒီယိုများ