စက်သုံးဆီဈေးနှုန်းဂယက်ကြောင့် ထားဝယ်မြို့တွင် အရေးပေါ် လူမှုကူညီရေးအသင်းအချို့ရပ်နား

ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုဂယက်ကြောင့် တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ အရေးပေါ် လူမှုကူညီရေးအသင်း အချို့ (သြဂုတ်လ ၁၁ ရက်)မှစပြီး ယာယီရပ်နားလိုက်ရကြောင်း သိရသည်။

12 Aug 2022

ဇမ္ဗူသီရိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့။

DMG ၊ သြဂုတ် ၁၂

ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုဂယက်ကြောင့် တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ အရေးပေါ် လူမှုကူညီရေးအသင်း အချို့ (သြဂုတ်လ ၁၁ ရက်)မှစပြီး ယာယီရပ်နားလိုက်ရကြောင်း သိရသည်။

ထားဝယ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းကြီးတစ်ခုဖြစ်သည့် ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့၏ လုပ်ငန်းများကို (သြဂုတ် ၁၁ ရက်)မှစ၍ ယာယီရပ်နား လိုက်ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

“စက်သုံးဆီဈေးနှုန်းတွေက အတက်မကျမမှန်တော့ဘူး။ အလှူရှင်တွေကလည်း အခုဆို သူတို့အခက်အခဲတွေနဲ့ ဖြစ်နေတာလည်းပါတယ်။ စက်သုံးဆီရဖို့ ခက်ခဲနေတာနဲ့ အသင်းအတွက်ရန်ပုံငွေရရှိဖို့လည်း မလုံလောက်တာကြောင့် အသင်းကိုယာယီရပ်နားဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ဘယ်အချိန်ပြန်ပြီး လုပ်ဆောင်မယ်ဆိုတာကိုတော့ နောက်မှအသိပေးပါ့မယ်”ဟု ဇမ္ဗူသီရိ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ထားဝယ်မြို့တွင်း၌ လက်ရှိစက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် အသင်းရန်ပုံငွေရရှိရန် အခက်အခဲများကြောင့် လူမှုကူညီရေးအသင်း (၁၀)ခုကျော်မှ အချို့မှာ ကယ်ဆယ်ရေးဆောင်ရွက်မှုများကို ယာယီရပ်နားထားမှုများ ထပ်မံရှိနေကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

ထိုသို့ လူမှုကူညီရေးအသင်းအချို့ ယာယီရပ်နားလိုက်ရသည့် အတွက် ဒေသခံပြည်သူများ ကျန်းမာရေးအရ အကူအညီတောင်းခံရာတွင် အခက်အခဲများဖြစ်ပေါ်စေကြောင်း ထားဝယ်မြို့ခံများမှပြောဆိုသည်။

“အခက်အခဲဖြစ်တယ်။ အရေးအကြောင်းနဲ့ဆို အဲဒီအသင်းတွေကိုပဲ အကူအညီတောင်းရတာ။ အခုတော့ ဘယ်ကိုဆက်သွယ်ရမလဲ မသိတော့ဘူး”ဟု နောက်ထပ်မြိုခံတစ်ဦးကပြောသည်။

ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့မှာ ထားဝယ်မြို့သာမက ခရိုင်တစ်ခုလုံးရှိ အရေးပေါ်လူနာများကို ကူညီကယ်ဆယ်မှုများအပြင် ကိုဗစ်ကာလအတွင်းက လူနာသယ်ယူပို့ဆောင်မှုများကို ပြုလုပ်ပေးနေသည့် အဖွဲ့လည်းဖြစ်သည်။

ဗီဒီယိုများ