ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေ တပ်ကြပ်ကြီးတစ်ဦးကို စစ်ဆေးရန်ကျန်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေ တပ်ကြပ်ကြီးတစ်ဦးကို စစ်ဆေးရန်ကျန်ရှိနေကြောင်း ရှေ့နေထံမှသိရသည်။

02 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၂

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေ တပ်ကြပ်ကြီးတစ်ဦးကို စစ်ဆေးရန်ကျန်ရှိနေကြောင်း ရှေ့နေထံမှသိရသည်။

အမှုတွင် စစ်ဆေးရန်ကျန်ရှိနေသော မအူပင်မြို့နယ်မှ လိုပြသက်သေနှစ်ဦးကို video conferencing စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း ယနေ့(ဖေဖေါ်ဝါရီလ ၂ ရက်)ရုံးချိန်းတွင် သက်သေတစ်ဦးကိုသာ စေဆေးနိုင်ခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကပြောသည်။

"ဒီနေ့မအူပင်က ဗိုလ်ကြီး မင်းသက်ပိုင်ကို video conferencing နဲ့အမှုစစ်ပါတယ်။ နောက်ထပ် မအူပင်က လိုပြသက်သေတစ်ဦးဖြစ်တဲ့ တပ်ကြပ် သူရဝင်းက ခရီးလွန်နေလို့ နောက်ရုံးချိန်းမှာစစ်ဖို့ ချိန်းဆိုလိုက်ပါတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။
ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့် ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှတရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်။

အမှုတွင် လိုပြသက်သေ ၁၃ ဦးရှိသည့်အနက် ယနေ့အထိ ၁၂ ဦးကိုစစ်ဆေးပြီးဖြစ်ကာ ကျန်သက်သေတစ်ဦးဖြစ်သော တပ်ကြပ်ကြီး သူရဝင်းကိုစစ်ဆေးရန် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် ရုံးချိန်းထားကြောင်း ရှေ့နေထံမှသိရသည်။

လက်ရှိအမှုရင်ဆိုင်နေရသော ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာ သံတွဲမြို့နယ်အတွင်း လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူများသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။ PDF နှင့်ဆက်စပ်သည်ဟု တရားစွဲဆိုထားခြင်းမှာ စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များ မရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဒေသခံ ၉ ဦးထက်မနည်း ဖမ်းဆီးအမှုဖွင့်ခံထားရသည်။

ဗီဒီယိုများ