ငြိမ်းချမ်းရေးတွင် လက်နက်ကိုအသုံးချမှ အောင်မြင်မည်ဆိုသည့်ဓလေ့ကို ဖြတ်တောက်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လက်နက်အားကိုးခြင်း၊ အင်အားကိုအသုံးချခြင်းတို့ကြောင့် အောင်မြင်သည် ဆို့သည့်အကျင့်၊ ရေသောက်မြစ်များကို ဖြတ်တောက်ရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

20 Aug 2020

Photo - Myanmar State Counsellor Office

ခိုင်ရိုးလ | DMG
သြဂုတ် ၂၀ ၊ နေပြည်တော်

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လက်နက်အားကိုးခြင်း၊ အင်အားကိုအသုံးချခြင်းတို့ကြောင့် အောင်မြင်သည် ဆို့သည့်အကျင့်၊ ရေသောက်မြစ်များကို ဖြတ်တောက်ရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္တအကြိမ်အစည်းအဝေးဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးတည်ဆောက်ကြရာမှာ သေနတ်သံတွေ၊ ဗုံးသံတွေ၊ တိုက်ပွဲသံတွေ တိုးတိတ်ငြိမ်သက်သွားရုံ သပ်သပ်မဟုတ်ပါဘူး။ လက်နက်ကိုအားကိုးမှ၊ အင်အားကိုအသုံးချမှ ထိရောက်မှုရှိမယ်၊ အရာဝင်မယ်၊  အရေးပေးခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးကို ဖြစ်ပေါ်စေခဲ့တဲ့ အဇ္ဈတ္တ စိတ်သဏ္ဍာန် ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့ အဓိကရည်ရွယ်တာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းအပြင် ထိုအကြောင်းအရာများမှာ ငြိမ်းချမ်းရေးတည်ဆောက်သူတို့၏ အန္တိမ မျှော်မှန်းချက် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင်အတူ အစိုးရအဖွဲ့ အကြား ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ခုကို ချုပ်ဆိုတော့မည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောဆိုချက်မှာ တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပြောဆိုလိုက်သည့်သဘောဖြစ်နေကြာင်း KNU ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သုံးသပ်ပြောဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက “ဒါကတိုင်းရင်းသားမကဘူး။ အကုန်လုံးကိုပြောတဲ့သဘောပါ။ လက်နက်အင်အား သုံးပြီးတော့ နိုင်ငံရေးအာဏာထူထောင်တဲ့သဘောပါ။ တပ်မတော်လည်းပါမယ်။ EAO လည်းပါမယ်။ ဘာလို့ ဆိုတော့ အခုကတစ်ချို့ပြောကြတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နိုင်ငံရေးတည်ဆောက်မှုတွေက လက်နက်ကိုင်တွေပဲ ကြီးစိုးနေတယ်ဆိုပြီး ဒါကိုက အကုန်လုံးကို ဆိုလိုတာဖြစ်နိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာဖြစ်ပွားနေသော ပြည်တွင်းစစ်များမှာ လက်ရှိတွင် အဆုံးသပ်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဌ(၁) စိုင်းညွန့်လွင်က ၂၁ ရာစုပင်လုံညီလာခံ စတုတ္တအကြိမ်အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စိုင်းညွှန့်လွင်က “ပြည်ထောင်စုအတွင်း ညီညွတ်ရေးကိုတည်ဆောက်ပြီး အဲဒီအခြေအနေကတဆင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ထူထောင်နိုင်မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။ တစ်စုတစ်ဖွဲ့ တည်းက နိုင်ငံတစ်ခုလုံးကို ကြီးစိုးချုပ်ကိုင် ချယ်လှယ်သွားတာမျိုးဆိုတာလည်း မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကို သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပလျက်ရှိပြီး အဆိုပါညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ချုပ်ဆို မည်ဖြစ်သည်။

အစိတ်အပိုင်း(၃)တွင် အပိုင်း(၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား ၁ ပါ) ခေါင်းစဉ် (၈)ခု၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူ (၅)ချက် ပါဝင်ချုပ်ဆိုကြမည်ဖြစ်သည်။

ဗီဒီယိုများ