PDF နှင့် ဆက်စပ်မှုမရှိဟု ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ တရားခွင်တွင်ထွက်ဆို

မအူပင်တွင်ဖမ်းဆီးရမိသည့် PDF အဖွဲ့နှင့်ဆက်စပ်မှု လုံးဝမရှိကြောင်း မတ်လ ၂၃ ရက်နေ့က တရားရုံး၌ ထွက်ဆိုခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

24 Mar 2022

DMG ၊ မတ် ၂၄

မအူပင်တွင်ဖမ်းဆီးရမိသည့် PDF အဖွဲ့နှင့်ဆက်စပ်မှု လုံးဝမရှိကြောင်း မတ်လ ၂၃ ရက်နေ့က တရားရုံး၌ ထွက်ဆိုခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို မအူပင်တွင်ဖမ်းဆီးရမိသော PDF အဖွဲ့ဝင်နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

စွပ်စွဲခံရသူနှစ်ဦးကို မနေ့ကစတင်စစ်ဆေးရာတွင် PDF အဖွဲ့နှင့်ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။ အမှုတွင် ခံပြသက်သေ ၁၀ ဦးတင်ထားပြီး လာမည့်မတ်လ ၃၀ ရက်နေ့တွင် ခံပြသက်သေ ၂ ဦးကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

"အခုတရားစွဲဆိုထားသလို PDF အဖွဲ့ကိုထောက်ပံတာ၊ ကူညီတာ၊ ငွေပေးတာမရှိဘူးလို့ ခံပြသက်သေ ၂ ဦးကငြင်းဆိုပြီး မနေ့ကတရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်"ဟု ရှေ့နေကဆိုသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာ ဒေသတွင်းလူမှုရေးကိစ္စများတွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသူများသာဖြစ်ကြပြီး ယခုကဲ့သို့ PDF ဖြင့်ဆက်စပ်သည်ဆိုသည်မှာ စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်တို့မှ လူငယ် ၁၀ ဦးထက်မနည်းကို PDF နှင့် ဆက်စပ်သည် သို့မဟုတ် ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုထားသည်။

ဗီဒီယိုများ