ရာသီဥတုပြောင်းလဲမှုဒဏ်ကို တောင်သူတွေခံစားနေရ

“ရာသီဥတုကတော့ အခုနောက်ပိုင်းက မိုးရွာတာတော့သိပ်မဆိုးဘူး။ ဒါပေမယ့် အပူချိန်ကတော့ သိသိသာသာကြီးပဲ တိုးလာတယ်။ အပူချိန်များပြီးတော့ ပိုးမွှားကျရောက်မှုပိုများတယ်၊ မြေဆီလွှာအားနည်းပြီးတော့ တစတစနဲ့ စပါးအထွက်နှုန်းကျလာတယ်” ဟု တောင်သူ ကိုနိုင်နိုင်ထွန်းက ပြောသည်။

By ခိုင်မင်း(ကျောက်ဖြူ) 15 Nov 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG
နိုဝင်ဘာ ၁၅ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းတွင် စပါးစိုက်ခင်းများ ပိုးမွှားကျရောက်ခြင်း၊ စပါးအထွက်နှုန်း ကျဆင်းလာခြင်းနှင့် စပါးဈေးကောင်း မရရှိခြင်းတို့ကြောင့် စပါးစိုက်တောင်သူများ အခက်တွေ့နေကြရသည်။

ထိုသို့ဖြစ်လာရခြင်းသည် ရာသီဥတုပြောင်းလဲလာခြင်းကြောင့်ဟု တောင်သူများကမှတ်ယူနေကြပြီး ရရှိလာသည့်စပါးများမှာလည်း ဈေးကောင်းမရသဖြင့် ပိုမိုအခက်ကြုံလာရကြောင်း  ကျောက်ဖြူမြို့နယ်မှ တောင်သူများက ဆိုကြသည်။

“ရာသီဥတုကတော့ အခုနောက်ပိုင်းက မိုးရွာတာတော့သိပ်မဆိုးဘူး။ ဒါပေမယ့် အပူချိန်ကတော့ သိသိသာသာကြီးပဲ တိုးလာတယ်။ အပူချိန်များပြီးတော့ ပိုးမွှားကျရောက်မှုပိုများတယ်၊ မြေဆီလွှာအားနည်းပြီးတော့ တစတစနဲ့ စပါးအထွက်နှုန်းကျလာတာပေါ့နော်” ဟု ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာမှ တောင်သူ ကိုနိုင်နိုင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း တစ်နိုင်ငံလုံးပျမ်းမျှအပူချိန်မှာ ၀ ဒသမ ၀၈ ဒီဂရီထိ မြင့်တက်လာနေကြောင်း ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး၏ ရာသီဥတုပြောင်းလဲမှုအခြေအနေ ဆန်းစစ်သူ ဦးဘိုဘိုမင်းထံမှ သိရသည်။

ထို့ပြင် နေရာဒေသအများအပြားတွင် မိုးရွာသွန်းမှုပမာဏ မြင့်တက်လာနိုင်သော်လည်း အချို့ဒေသများတွင် မိုးရွာသွန်းမှုနည်းပါးခြင်းများ၊ မုတ်သုန်ဝင်ရောက်မှု နောက်ကျခြင်း၊ မုတ်သုန်အထွက် စောခြင်း၊ မုန်သုန်ရာသီဥတု တိုတောင်းလာနေခြင်းတို့ကြောင့် စိုက်ပျိုးရေးအပေါ် ထိခိုက်မှုများရှိလာနေကြောင်းလည်း ၎င်းကဆိုသည်။

ယခင်က စပါးစိုက်ခင်းတစ်ဧကလျှင် တင်း ၅၀ ကျော် ထွက်ရှိခဲ့သော်လည်း ယခုအခါတွင် တင်း ၃၀ ကျော် မျှသာထွက်ရှိကြောင်း တောင်သူများက ဆိုကြသည်။

“အခုဟာက စပါးအထွက်နှုန်းလျော့ဆင်းသွားတယ်၊ အရင်ကဆိုရင် တစ်ဧကမှာ တင်း(၅၀)/(၆၀)ရတယ်၊ အခုတော့ တင်း (၃၀)လောက်ပဲရတယ်။ မိုးလည်းနည်းလာပြီ၊ စပါးကလည်းပိုးကျတယ်၊ အပူချိန်များလာတဲ့အတွက် ဒီလိုဖြစ်တာ” ဟု မလကျွန်းကျေးရွာမှ တောင်သူ ဦးမောင်ကျော်သောင်းက ပြောသည်။

ကျောက်ဖြူမြို့နယ် စိုးပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးနိုင်စေရန်၊ မျိုးကောင်းမျိုးသန့်ရရှိနိုင်ရန်နှင့် ဝင်ငွေတိုးပွားလာစေရန်အတွက် ကျေးရွာများသို့ကွင်းဆင်းကာ လုပ်ဆောင်ပေးနေကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ခင်စိုးက ဆိုသည်။

“ကျနော်တို့မြို့နယ်အနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုအပေါ်မှာ သီးနှံမျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးတာတွေ၊ တောင်သူတွေဝင်ငွေ ပိုမိုကောင်းမွန်လာအောင် မျိုးစေ့ထုတ်တဲ့နည်းပညာတွေကို သိလာနိုင်အောင်အထိ မြို့နယ်မှာ မျိုးစေ့ထုတ်စိုက်ခင်းတွေ ထူထောင်ထားပါတယ်” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းတွင် စပါးစိုက်ဧကပေါင်း ၄၅၈၉၈ ဧကရှိပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ ကျေးရွာအုပ်စုအလိုက် ဘက်စုံနည်းပညာသုံး စံပြကျေးရွာအဖြစ် ဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုထားသည်။

သို့သော် ၎င်းစံပြစိုက်ပျိုးနေသည့်လယ်ယာများမှာ အောင်မြင်မှုမရှိပဲ ယခင်နှစ်ကထက် စပါးအထွက်နှုန်း ကျဆင်းလာသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူများမှာ အခက်အခဲရှိဖြစ်လာနေရပြီး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးရန် ဒေသခံတောင်သူများက တောင်းဆိုနေကြသည်။

ဗီဒီယိုများ