တိမ်ညိုစစ်ရှောင်စခန်းမှ ကလေးများ ပညာသင်ကြားနိုင်ရန် စာသင်ကျောင်းဆောက်မည်

မီးလောင်သွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် စေတနာရှင်များ၏ အလှူငွေများဖြင့် နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ နေအိမ်အားလုံးဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး မီးဘေးသင့်စစ်ရှောင်များမှာ အမိုးအကာအောက်ကို ရောက်ရှိသွားပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

06 May 2021

မြောက်ဦးမြို့ရှိ ဘုရားပေါ်စစ်ဘေးရှောင်တွင်တွေ့ရသော ကလေးငယ်များ။ (ဓါတ်ပုံ - ခိုင်မင်းသျှင်)

DMG ၊ မေ ၆

မီးလောင်သွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် စေတနာရှင်များ၏ အလှူငွေများဖြင့် နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ နေအိမ်အားလုံးဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး မီးဘေးသင့်စစ်ရှောင်များမှာ အမိုးအကာအောက်ကို ရောက်ရှိသွားပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

စစ်ဘေးရှောင်စခန်းအတွက် လူနေအိမ်များအပြင် စခန်းတွင်းရှိ ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် စာသင်ကျောင်းတစ်ခုကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။

“ စာသင်ကျောင်းတစ်ခုပါမယ်။ စာသင်ကျောင်းက နဂိုဆောက်ထားတဲ့ သစ်နဲ့ဝါးနဲ့ဟာက ဆောက်ထားတာ ကြာပြီဆိုတော့ ကလေးတွေကိုလည်း အမိုးအကာအောက်မှာ ကျောင်းကို ကောင်းကောင်းမွန်မွန် တက်စေချင်တဲ့အတွက် နည်းနည်း ခိုင်ခိုင်မာမာတစ်ခုလောက်ဆောက်ဖို့ စီစဉ်နေကြတယ်” ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။

အဆိုပါ ကျောင်းဆောက်လုပ်ရန်အတွက် ကုန်ကျငွေကို ကျပ်သိန်း ၁၅၀ ထိ ခန့်မှန်းထားပြီး ကျောင်းသား ၃၀၀ ထိ တက်ရောက်နိုင်မည်ဟု ပြောသည်။

ယခင်က တိမ်ညို စစ်ရှောင်စခန်းအတွင်း ဆောက်လုပ်ထားသည့် စာသင်ကျောင်း၌ မူလတန်းကလေးငယ် ၄၆၅ ဦးအထိ တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမများကလည်း စေတနာဖြင့် လာရောက်ပြသခဲ့ကြသည်။

အထက်တန်းနှင့် ကျောင်းသား၊ သားသူများမှာ တိမ်ညိုကျေးရွာရှိ စာသင်ကျောင်း၌ တက်ရောက်ခဲ့ကြကြောင်းလည်း တိမ်ညိုစစ်ရှောင်စခန်းမှ တာဝန်ရှိသူ ဦးကျော်မြချေကပြောသည်။

“ ကျွန်နော်တို့ စစ်ဘေးရှောင်စခန်းက မူလတန်း ကျောင်းသား တွေကတော့ ဒီကျောင်းမှာပဲတက်ကြတယ်။ အလယ်တန်း အထက်တန်းဆိုရင်တော့ တိန်ညို အထက်တန်းစာသင်ကျောင်းမှာ တက်ရတယ်။ မူလတန်း ဆိုရင်တော့ ကိုယ့်စခန်းမှာကျောင်းရှိတဲ့အတွက် အခမဲ့ တက်လို့ရတယ်။ တခြားရွာက ကျောင်းဆရာ၊ ဆရာမတွေ အခမဲ့လာပြကြတယ် ” ဟု ပြောသည်။

စစ်ရှောင်စခန်းအတွင်းရှိသော စာသင်ကျောင်းမှာ လေပြင်းတိုက်ခတ်သဖြင့် အစိတ်အပိုင်းတချို့ပျက်စီးခဲ့ကာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဦးကျော်မြချေကပြောသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မတ်လ ၁၇ ရက်နေ့က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၈၀၀ ကျော်ရှိသည့်အနက် နေအိမ် ၆၀၀ ကျော်မှာ မီးလောင်ပျက်စီးခဲ့သည်။

မီးလောင်ကျွမ်းမှုနောက်ပိုင်း စစ်ရှောင်များအတွက် နေအိမ်များဆောက်လုပ်ပေးရန် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၏ အလှူငွေဖြင့် နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

“အိမ်တွေကတော့ အားလုံးပြီးပြီ။ သူတို့ဟာသူတို့ အိမ်တွေကို ပြုပြင်နေကြတာတွေရှိတယ်။ ဝေဟင်အောင်ပရဟိတအဖွဲ့အနေနဲ့ အိမ် ၄၀၀ အတွက်ပေါ့ ငွေကျပ်သိန်း ၈၀၀ ကိုမတည်ပေးခဲ့တယ်” ဟု ကူညီဆောင်ရွက်ပေးသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတချို့မှာလည်း အမိုးအကာများပျက်စီးခြင်း၊ ယခင်က ဆောက်လုပ်ထားသည့် အိမ်များ၌ အိမ်တိုင်များ ယိုင်နဲခြင်းများဖြစ်နေသည့်အတွက် အကူညီများ လိုအပ်နေကြသည်ဟု စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ဗီဒီယိုများ