စာသင်ကျောင်းများတွင် ခိုလှုံနေသည့်စစ်ဘေးရှောင်များ ဇွန်လအတွင်း ဖယ်ရှားပေးရတော့မည်

အစိုးရစာသင်ကျောင်းများတွင် ခိုလှုံနေထိုင်နေသည့်စစ်ဘေးရှောင်းများမှာ လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရတော့မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

By မင်းထွန်း 27 May 2020

စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော် ခိုလှုံနေသည့် အ.ထ.က(မြို့မ) ကျောက်တော် အထက်တန်းကျောင်းား မေလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဇော်ဇော်၊ DMG)

မင်းထွန်း | DMG
မေ ၂၇ ၊ စစ်တွေ

အစိုးရစာသင်ကျောင်းများတွင် ခိုလှုံနေထိုင်နေသည့်စစ်ဘေးရှောင်းများမှာ လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရတော့မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ စစ်ဘေးရှောင်များခိုလှုံနေသည့် စာသင်ကျောင်းများအား သက်ဆိုင်ရာဌာနသို့ ဇွန်လအတွင်း အပ်နှံရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အသိပေးလာကြောင်း ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

“စစ်ဘေးရှောင်တွေက အစိုးရစာသင်ကျောင်းတွေမှာနေတော့ အစိုးရစာသင်ကျောင်းတွေကို ဇွန်လ ၁၁ ရက်နေ့ ကနေစပြီး ဆေးဖြန်းပြီးတော့ ၁၅ ရက်နေ့ အပ်ပေးရမယ်ဆိုပြီးတော့ ပြောပါတယ် ” ဟု ကျောက်တော်မြို့ အ.ထ.က (မြို့မ) စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဝင်းက ဆိုသည်။

လက်ရှိကျောက်တော်မြို့ပေါ် စစ်ဘေးရှောင်စခန်း ၁၅ ခု၌ ဒုက္ခသည် ၇၆၀၀ ကျော်ခိုလှုံနေထိုင်လျက်ရှိသည်။ ထိုအထဲတွင် စခန်း ၇ ခုမှာ စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကာ လူဦးရေအားဖြင့် ၃၀၀၀ ကျော်ခန့် ခိုလှုံလျက်ရှိနေသည်။

ထို့အတူ မြေပုံမြို့ပေါ်က စာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းနှစ်ခုကိုလည်း ဇွန်လအတွင်း ပြောင်းရွှေ့ပေးရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ အကြောင်းကြားလာကြောင်း စခန်းတာဝန်ခံ ဦးအောင်မြင့်သိန်းက DMG သို့ ပြောသည်။

“ပြောင်းရွှေ့မှာဆိုတော့ မိုးရာသီမှမဟုတ်ပါဘူး။ အခုအချိန်ပြောင်းရရင်လည်း အခက်အခဲတော့ အများကြီးပေါ့။ နေရာတစ်ခုကို ပြောင်းရမယ်၊ ရွှေ့ရမယ်ဆိုတော့ အခက်အခဲပေါင်း များစွာပေါ့ဗျာ။ နောက်ဆုံး ရေအခက်အခဲ ရှိမယ်၊ အိမ်သာအခက်အခဲရှိမယ်၊အများကြီးပေါ့ဗျာ။ လူတွေ အပြောင်းအရွှေ့လုပ်ရပြီဆိုတော့ အခက်အခဲ များစွာပေါ့” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ စာသင်ကျောင်းမှ ပြောင်းရွှေ့ပေးရမည့်စစ်ဘေးရှောင်များကို ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံ နိုင်ရန် စီစဉ်ထားသော်လည်း ယခင်ခိုလှုံနေသည့် စစ်ဘေးရှောင်များရှိနေသဖြင့် နေရာအခက်အခဲရှိနိုင်ကြောင်း သိရသည်။

အစိုးရ၏ညွှန်ကြားချက်များထဲတွင် စာသင်ကျောင်းများ၌ ခိုလှုံနေသူများ ပြောင်းရွှေ့ပေးရမည်ဆိုသည့် အကြောင်းသာပါရှိပြီး ယင်းစစ်ဘေးရှောင်များကို မည်သို့စီမံမည်ဆိုသည့်အကြောင်း မတွေ့ရှိသဖြင့် ရင်လေးစရာဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ဆိုသည်။

“ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဖတ်ပြတဲ့အထဲမှာ ဖယ်ပေးရမယ်လို့သာပါတယ်။ သူတို့ကို ဘယ်လို ထားမလဲဆိုတာ မပါဘူးဗျာ။ အဲတာက ကျနော်တို့အင်မတန်ရင်လေးစရာကောင်းပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါညွှန်ကြားစာထဲတွင် စာသင်ကျောင်းများတွင်ရှိနေသည့် စစ်ဘေးရှောင်များ၊ Quarantine ဝင်နေသူ များကို ရွှေ့ပြောင်းပြီး သန့်ရှင်းရေးလုပ်ခြင်း၊ ဆေးဖြန်းခြင်းများကို ဇွန်လ ၁၅ ရက်နေ့၌ အပြီးလုပ်ပေးကာ သက်ဆိုင်ရာပညာရေးဌာနသို့ ပြန်အပ်ရမည်ဟုပါရှိကြောင်း ဦးမောင်မောင်က ပြောသည်။

စာသင်ကျောင်းများတွင် Quarantine ထားရှိသူများကို ပြောင်းပေးရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ ညွှန်ကြားလာသဖြင့် ပြောင်းရွှေ့ပေးထားရကြောင်း ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT)၏ တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါတိုက်ပွဲများကြောင့် အိုးအိမ်များကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်ဦးရေမှာ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိ ရှိလာနေသည်။ ဒုက္ခသည်များထဲမှ အများစုသည် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေထိုင်လျက်ရှိနေကြသည်။

ဗီဒီယိုများ