ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့် ယခုပညာသင်နှစ်တွင် စာသင်ကျောင်းများပြန်ဖွင့်ရန် မသေချာ

တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး သင်ကြားနိုင်ရန် မရှိသေးကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

By မျိုးသီရိကျော် 16 Nov 2020

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၁၆ ၊ စစ်တွေ

တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး သင်ကြားနိုင်ရန် မရှိသေးကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက “ကိုဗစ်ကူးစက်ပြန့်ပွားမှု အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားရတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းဖွင့်ခြင်း၊ မဖွင့်ခြင်းက ကျနော်တို့အနေနဲ့ ဘာမှဆုံးဖြတ်လို့မရသေး ပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်ကတည်းက ပညာရေးအားနည်းခြင်း၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုမရှိခြင်းတို့ ရှိနေပြီး ယခုနှစ်တွင်လည်း ပညာသင်ကြားခွင့်မရလျှင် ကျောင်းသားများပညာရေးနှင့်ဝေးကွာကာ စိတ်ပိုင်းဆိုင်ရာလေလွင့်မှုများ ဖြစ်သွားနိုင်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က သုံးသပ်သည်။

“ကိုဗစ်ကိုအကြောင်းပြပြီး ရွေးကောက်ပွဲကိုတောင် အခြေအနေတခုရောက်နိုင်အောင်ထိ လုပ်နိုင်သေးတာပဲ။ တကယ့်တကယ် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တွေကိုကျတော့ ပိတ်ပင်ထားတာဟာ တာဝန်ယူနေတဲ့ အစိုးရ တစ်ရပ်အနေနဲ့ အလွန်တရာမှ အားနည်းတယ်လို့ ထင်မိတယ်” ဟု ၎င်းကဆိုသည်။

ပညာသင်နှစ် တစ်နှစ်နောက်ကျပါက ကျောင်းသားများ၏ စိတ်အလေအလွင့်ဖြစ်သကဲ့သို့ တချို့ဆိုလျှင် ကျောင်းပြင်ပသို့ ရောက်သွားသူများလည်းရှိနေကြောင်း ဆယ်တန်းကျောင်းသူ မဝိုင်းဝိုင်းကပြောသည်။

“ကျောင်းသားမိဘတွေမှာလည်း ပိုက်ဆံတွေအကုန်ခံ၊ အချိန်တွေအကုန်ခံပြီး ဒီနှစ်အတွက် စာသင်ပေး ထားတယ်။ ဆိုတော့ ဒီနှစ်စာမေးပွဲ မဖြေရမှာကို မိဘတွေက စိုးရိမ်နေကြတယ်။ ညီမတို့ကလည်း စာမေးပွဲ ဖြေချင်ပါတယ်။ တချို့ဆိုရင် စိတ်ဓာတ်တွေကျလို့ ကျောင်းထွက်တာလည်းရှိတယ်” ဟု ဆိုသည်။

ယခုနှစ်တွင် အခြေခံပညာ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ပညာသင်ကြားနိုင်ခြင်း မရှိခဲ့သည့်အတွက် လာမည့်မတ်လတွင်လည်း စာမေးပွဲဖြေဆိုရန်မှာ မဖြစ်နိုင်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

“အခုက သင်ကြား၊သင်ယူမှု ဘာမှမရှိတော့ စာမေးပွဲဆိုတာလည်း ဖြစ်နိုင်မှာမဟုတ်ဘူးလေ။ ဖြစ်နိုင်ဖို့လည်း အင်မတန်မှ ခဲယဉ်းပါတယ်” ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကိုရိုဗိုင်းရပ်ပိုးတွေ့လူနာ စုစုပေါင်း ၆၈,၀၁၁ ဦးထိရှိနေပြီး ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၅၁,၃၆၂ နှင့် သေဆုံးသူစုစုပေါင်း ၁၅၅၂ ဦးထိ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ