ရခိုင်မှ အင်တာနက်မရရှိသည့် မြို့နယ်အချို့တွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုခွင့်ဆုံးရှုံးနိုင်

ကိုဗစ်ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် (၆)နာရီမှစတင်ပြီး မိုဘိုင်းဖုန်း (သို့မဟုတ်) ကွန်ပျူတာများဖြင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် အခ့မဲ့ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

By မျိုးသီရိကျော် 15 Jan 2021

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသော ကျောင်းသူ/သားများအား တွေ့ရစဉ်။

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၁၅ ၊ စစ်တွေ

ကိုဗစ်ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် (၆)နာရီမှစတင်ပြီး မိုဘိုင်းဖုန်း (သို့မဟုတ်) ကွန်ပျူတာများဖြင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် အခ့မဲ့ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သို့သော် မြန်နှုန်းနည်း 2G အင်တာနက်လိုင်းသာရရှိနေသည့် ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများမှာ အမှတ်စာရင်းကြည့်ရှုခွင့် ဆုံးရှုံးမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ ၂၀၂၀ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သည့် ကျောင်းသားများမှာ အမှတ်စာရင်းကို အွန်လိုင်းမှကြည့်ရှုခွင့်ရသော်လည်း ရခိုင်မှကျောင်းသားများမှာ ကြည့်ရှုခွင့်ရရန် အခက်အခဲရှိနေကြောင်း မြောက်ဦးမြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် မမေသဇင်က ဆိုသည်။

“ကျမတို့ဖက်မှာ အင်တာနက်မရတဲ့အတွက် အခက်အခဲရှိပါတယ်။ တစ်နိုင်ငံတည်းနေတဲ့ အထဲမှာတောင် သူများတွေက ကိုယ့်အိမ်ကနေပြီး သာသာယာယာနဲ့ကြည့်လို့ရတယ်။ ကျမတို့ကကျတော့ သူများကို အကူ အညီတောင်းပြီး ကြည့်ခိုင်းရမှာပေါ့နော်။ သူတို့ကြည့်ပေးမှသာ ကျမတို့ကသိရမှာပါ” ဟု ၎င်းကပြောသည်။

တက္ကသိုလ်အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများသူများအနေဖြင့် မိမိ၏ ခုံနံပါတ်၊ မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်)တို့ကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး https://mmexamscore.org  တွင် အမှတ်စာရင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

အမှတ်စာရင်းများကို ရုံးများသို့ လာရောက်လျှောက်ထားခြင်းမပြုရန် မေတ္တာရပ်ခံကြောင်းလည်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကိုဗစ်နိုင်တင်းရောဂါကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းများပိတ်ထားသည့်အတွက် ကျောင်းသား အများစုမှာ အွန်လိုင်းမှတဆင့် သင်ခန်းစာများအပြင် အခြားသောပညာရပ်များကို လေ့လာသင်ယူလျက်ရှိ ကြသည်။

ရခိုင်ပြည်နယ်ရှိ အင်တာနက်မရရှိသောမြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများမှာ အမှတ်စာရင်း ကြည့်ရှုခွင့်အပြင် အခြားသောပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများပါ ဆုံးရှုံးနေရကြောင်း အင်တာနက်မရရှိသည့်မြို့နယ်များမှ ကျောင်းသားများက ဆိုကြသည်။

ကျောက်တော်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ မောင်စိုးငြိမ်းကျော်က “ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ သင်တန်းတွေတက်ချင်တယ်၊ အင်တာနက်လိုင်း မရတဲ့အတွက်မတက်ရဘူး။ ဒါကြောင့် မို့လို့ ကျနော်တို့ကျောင်းသားတွေရဲ့ပညာရေးကို အလေးထားရင်တော့ အင်တာနက်လိုင်း 4G အမြန်ဖွင့်ပေး ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ခဲ့ရာ တွင်လည်း အင်တာနက်မရရှိသည့်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများမှာ အွန်လိုင်းမှကြည့်ရှုခွင့် မရရှိခဲ့ ကြပေ။

ဗီဒီယိုများ