ရခိုင်နှင့်ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု လူငယ်များလက်မခံ

“တခြားအဖွဲ့တွေကလည်း တောင်းဆိုတာရှိတယ်။ ဘာမှဖြစ်မလာဘူး။ အဲဒါဘာကြောင့်လဲ။ ကျနော်တို့က ထိရောက်မှုရှိတဲ့ ပွဲလုပ်ချင်တယ်။ ဒါပေမယ့် ထိရောက်မှုရှိမယ်၊ မရှိဘူးဆိုတာတော့ မသိဘူး”ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့ဝင် မဦးခင်သိန်းက ပြောသည်။

By မျိုးသီရိကျော် 12 Feb 2020

(ဓာတ်ပုံ - ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်)

မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၁၁၊ စစ်တွေ

ရခိုင်နှင့်ချင်းပြည်နယ်တို့မှ မြို့နယ် (၉)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေ့လည်ပိုင်းက စစ်တွေမြို့၌ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နှင့် စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ဆွေးနွေးခဲ့ကြသည်။

တက်ရောက်ဆွေးနွေးခဲ့သူများအနေဖြင့် အင်တာနက်ဖြတ်တောက်ထားမှုအပေါ် လက်မခံကြောင်းနှင့် အင်တာနက်ဖြတ်တောက်ထားသောကြောင့် လူထုအတွက် ဆုံးရှုံးနစ်နာမှုများရှိနေသည့်သဖြင့် အင်တာနက်ပြန်လည်ဖွင့်ပေးရန်အတွက် အဓိက ဆွေးနွေးခဲ့ကြကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့ဝင် မဦးခင်သိန်းက ပြောသည်။

“ဒီလိုအင်တာနက်ပိတ်လိုက်တဲ့အခါမှာ ပြည်သူလူထုတွေအတွက် စီးပွားရေးတွေနစ်နာမယ်။ ပြီးလို့ရှိရင် ရခိုင်မှာရှိနေတဲ့ စစ်ဘေးရှောင်တွေရှိတယ်။ စစ်ဘေးရှောင်တွေနားမှာရှိတဲ့ ဒေသခံအတွက်ကို ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်ပေါ့နော်။ ထိခိုက်နစ်နာတဲ့အထဲမှာမှ ဘာတွေပါလာနိုင်လဲဆိုလို့ရှိရင် ဆုံးရှုံးမှုတွေ ပါလာနိုင်တယ်။ အခွင့်အရေးတွေ ဆုံးရှုံးမှုတွေရှိတယ်” ဟု ၎င်းကဆိုသည်။

အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်တို့မှ တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့သည့်အတွက် ထိရောက်မှုရှိစေရန် မည်သို့လုပ်ဆောင်မည်ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်ဖြစ်ပြီးယင်းဆွေးနွေးပွဲတွင် အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် မည်သည့်ပုံစံဖြင့် လှုပ်ရှားမှုပြုလုပ်သွားမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။

“တခြားအဖွဲ့တွေကလည်း တောင်းဆိုတာရှိတယ်။ ဘာမှဖြစ်မလာဘူး။ အဲဒါဘာကြောင့်လဲ။ ကျနော်တို့က ထိရောက်မှုရှိတဲ့ ပွဲလုပ်ချင်တယ်။ ဒါပေမယ့် ထိရောက်မှုရှိမယ်၊ မရှိဘူးဆိုတာတော့ မသိဘူး”ဟု မဦးခင်သိန်းက ပြောသည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်လိုက်ခြင်းကြောင့် သတင်းသမားများအနေဖြင့်လည်း သတင်းယူရာတွင် လွတ်လွပ်မှုမရှိတော့သည့်အပြင် ပြည်သူများအတွက်လည်း ဆုံးရှုံးနစ်နာမှုများရှိကြောင်း စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဆိုသည်။

“ဒါမဖြစ်သင့်ဘူး။ ပြည်သူ့အစိုးရက သက်သက်မဲ့ သတင်းအမှောင်ချလိုက်တာပဲ” ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့ နယ်တို့ကို ကြိုတင်သတိပေးခြင်းမရှိပဲ ပြီးခဲ့သည့်၂၀၁၉ ခု၊ ဇွန်လ ၂၀ ရက်နေ့က အင်တာနက်ဖြတ်တောက်ခဲ့သည်။

ယင်းအနက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့ နယ်တို့ကို စက်တင်ဘာလ (၁)ရက်နေ့တွင် အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အင်တာနက် ထပ်မံဖြတ်တောက်လိုက်သည်။

ဗီဒီယိုများ