ရခိုင်တွင် ရေကြီး၍ပျက်စီးသွားသည့် လယ်ယာများ၌ စပါးပြန်လည်စိုက်ပျိုးရန် လယ်သမားများအခက်ကြုံနေ

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်းရေကြီးမှုကြောင့် ပျက်စီးသွားသည့်လယ်ယာများ၌ စပါးပြန်လည်စိုက်ပျိုးနိုင်ရန် လယ်သမားများအနေဖြင့် အခက်ကြုံတွေ့နေရကြောင်း သိရသည်။

10 Aug 2021

DMG ၊ သြဂုတ် ၁၀

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်းရေကြီးမှုကြောင့် ပျက်စီးသွားသည့်လယ်ယာများ၌ စပါးပြန်လည်စိုက်ပျိုးနိုင်ရန် လယ်သမားများအနေဖြင့် အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ရေကြီးမှုကြောင့် ပြည်နယ်အတွင်းမှ လယ်ဧကပေါင်း ၁၂၈၀၀ ခန့် ပျက်စီးမှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

ရေနစ်မြုပ်သွားသည့် လယ်ယာမြေများတွင် စပါးပြန်လည်စိုက်ပျိုးရန် ပျိုးပင်များရှားပါးနေသည့်အတွက် အခက်အခဲကြုံနေရကြောင်း မြောက်ဦးမြို့နယ် ဥက္ကံကျေးရွာမှ ဦးပန်လှအောင်က ပြောသည်။

“စပါးက ပြန်ပြီးတော့ကြဲပေမဲ့ ကြဲလိုမရတော့ဘူး၊ စပါးကြဲထားတာ အားလုံးပါသွားတယ်။ ကျနော်တို့မှာဆိုရင် လယ် ဝါးအပြန် ၃၀၀ (နှစ်ဧကခွဲ) လောက်ပါသွားတယ်။ အကုန်လုံးပါသွားတာပေါ့။ ပျိုးကလည်းရှာမရဘူး။ ပျိုးတွေရမယ်ဆိုရင်လည်း မတန်မဆ ဝယ်ရတယ်။ ဒါပေမဲ့လည်း အခုရေနဲ့ပါသွားတော့ ရှားပါးတယ်။ ဝယ်လို့မရဘူးပေါ့နော်။ နောက်ထပ်ကြဲလိုရှိရင်လည်း မပေါက်ဘူး။ ကျနော်တို့မှာ ဝါးသုံးရာလောက်ဆုံးရှုံးသွားပါတယ်”ဟု ၎င်းကဆိုသည်။

ယခင်က ပျိုးစပါးသီးသန့်ရောင်းချမှုများရှိခဲ့သော်လည်း ယခုအခါ ပျိုးထောင်သည့်လယ်သမားများမရှိသည့်အတွက် စပါးကြဲသည့်အဆင့်ကနေ ပြန်လည်လုပ်ဆောင်နေရကြောင်း ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာမှ ဦးထွန်းထွန်းမြင့်ကပြောသည်။

“ရေကြီးသွားတာနဲ့ အကုန်ပါသွားတော့ မြေပဲကျန်တယ်။ ပျိုးပင်တွေကလည်း အားလုံးပျောက်သွားတာပေါ့နော်။ အခုက လူတွေမှာက ပျိုးထောင်တာလည်းမရှိဘူးပေါ့။ ဆိုတော့ အခုက ကိုယ်ဟာကိုယ်ပဲ ပြန်လုပ်နေကြရတယ်။ အားလုံးလုပ်နိုင်ပါမလားတော့မသိဘူး”ဟု ၎င်းကဆိုသည်။

အစားထိုးပြန်လည်စိုက်ရန်လည်း ပျိုးစပါးရှာမရသည့် ပြဿနာများကို လယ်သမားများအနေဖြင့် ကြုံနေကြရကြောင်းလည်း သိရသည်။

ယခုနှစ်မိုးရာသီအတွင်း ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်မှ တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်၁၀ မြို့နယ်မှ ပျက်စီးမှုလယ်ဧကပေါင်း ၁၂၈၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

လက်ရှိမှာ တောင်သူများအတွက် ပျိုးပင်သာမက ပျက်စီးသွားသည့် လယ်မြေများအတွက်လည်း စက်ကိရိယာများကို ထောက်ပံ့ပေးရန်လိုအပ်နေကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောသည်။

“အဓိကတော့ စပါးသီးနှံကရေမြုပ်တဲ့အချိန်မှာ အများကြီး ကြီးထွားနေတဲ့အနေအထားမရှိသေးဘူး။ ဆိုလိုတာက ၆ လက်မလောက်ပဲရှိသေးတဲ့ပျိုးပင်တွေကို ရေနစ်မြုပ်သွားတဲ့အခါမှာ ဆုံးရှုံးမှုကတော့ ပြန်ပြီးတော့အစားထိုးရမယ်။ အဲဒါနဲ့ပတ်သက်လို့ တနည်းအားဖြင့်ဆိုရင် ပျိုးပင်တွေကိုပြန်လည်အကောင်းအထည်ဖော်ပေးရမယ်။ အစားထိုးဖို့အတွက်ပေါ့။ တချို့တာပေါင်ကျိုးသွားတာတွေကို စက်ကိရိယာတွေနဲ့ ထောက်ပံ့ရမယ်။ လက်လုပ်အားနဲ့ဆိုရင်တော့ ဒီရာသီမှာဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊ ဆုံးရှုံးဖို့က များသွားပြီ။ ပျိုးနဲ့အတူ မြေဆီမြေသြဇာတွေကိုလည်း ထောက်ပံ့ပေးဖို့လိုအပ်မှာပေါ့” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် သီးနှံစိုက်ခင်းများအား မြို့နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးပြီး ပျက်စီးဆုံးရှုံးမှုများရှိပါကတင်ပြရန် ညွန်ကြားထားကြောင်း သိရသည်။

ပျက်စီးလယ်ယာများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအားမေးမြန်းရာ လယ်ဧက ၆၀၀ ခန့်သာပျက်စီးမှုရှိခဲ့ပြီး ယင်းအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်ကို ရှင်းလင်းစွာပြောကြားထားခြင်း မရှိသေးပေ။

ရခိုင်ပြည်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင်က စစ်ဘေးနှင့်အကြောင်းအမျိုးမျိုးတို့ကြောင့်မစိုက်ပျိုးနိုင်ခဲ့သည့်လယ်မြေများကို ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သော်လည်း စစ်ရှောင်စခန်းတွင်နေထိုင်နေရဆဲဖြစ်သည့်တောင်သူများနှင့် စိုက်ပျိုးစရိတ်ကြီးခြင်းတို့ကြောင့် လယ်ဧက ၈၅၀,၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ကြောင်းသိရသည်။

ဗီဒီယိုများ