ရခိုင်က မြို့နယ်အချို့တွင် ဆောင်းသီးနှံမျိုးစေ့များကို ICRC မှ တောင်သူများထံ ထောက်ပံ့

ရခိုင်ပြည်နယ်အတွင်းမှ ဆောင်းသီးနှံစိုက်ပျိုးရန် အခက်အခဲရှိသော တောင်သူများအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ စိုက်ပျိုးရေးမျိုးစေ့(၉)မျိုးကို မြို့နယ်တချို့တွင် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

25 Feb 2022

ဓာတ်ပုံ - ICRC

DMG ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်အတွင်းမှ ဆောင်းသီးနှံစိုက်ပျိုးရန် အခက်အခဲရှိသော တောင်သူများအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ စိုက်ပျိုးရေးမျိုးစေ့(၉)မျိုးကို မြို့နယ်တချို့တွင် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာအုပ်စု(၅၀)မှ အိမ်ထောင်စု(၆၅၀၀)အတွက် ထောက်ပံ့ပေးထားကြောင်း ICRC မှ သိရသည်။ ထိုစိုက်ပျိုးရေးမျိုးစေ့များမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ သခွားသီး၊ ပဲတောင့်ရှည်၊ ခဝဲသီး၊ ရုံးပတီသီးနှင့် ငရုတ်သီး စသည့်မျိုးစေ့ ၉ မျိုးတို့ပါဝင်သည်။

လက်ရှိကုန်ဈေးနှုန်းများမြင့်တက်နေမှုကြောင့် သီးနှံမျိုးစေ့များဝယ်ယူရန်အခက်အခဲရှိနေသူများ အဆင်ပြေစေရန်အတွက် ထိုသို့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း DMG ၏ မေးမြန်းချက်ကို ICRC မှ အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

“ဟင်းသီးဟင်းရွက်မျိုးစေ့တွေက ဈေးနှုန်းမြင့်မားတဲ့အတွက် အချို့တောင်သူတွေဟာ မျိုးစေ့တွေကိုဝယ်ယူဖို့ မတတ်နိုင်ကြပါဘူး။ ဒါကြောင့်ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်။ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိတဲ့ သီးနှံမျိုးစေ့တွေကို ရပ်ရွာလူထုအနေနဲ့ ရရှိနိုင်ဖို့ပဲဖြစ်ပါတယ်”ဟု ဆိုသည်။

စိုက်ပျိုးရေးမျိုးစေ့ထောက်ပံ့မှုများကို ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် ရသေ့တောင်မြို့နယ်တို့တွင်လည်း ဆက်လက်ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ ICRC မှထောက်ပံ့ပေးသည့် စိုက်ပျိုးရေးမျိုးစေ့များကို ရရှိထားပြီးဖြစ်ကာ အဆိုပါမျိုးစေ့များနှင့် စိုက်ပျိုးခင်းများလုပ်ဆောင်နေသည်ဟု မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာမှ တောင်သူ မူအိအူလာက DMG ပြောသည်။

“ကျွန်တော်တို့ရွာကို ဇန်နဝါရီလနောက်ဆုံးအပတ်လောက်က ပေးခဲ့တာပါ။ အခုလိုထောက်ပံ့ပေးတော့ ကျွန်တော်တို့မရှိဆင်းရဲသားတွေမှာ ဟင်းသီးဟင်းရွက်ဝယ်စားဖို့အတွက် အရင်လို ငွေမကုန်တော့ဘူးပေါ့။ အရင်တုန်းကဆိုရင် လယ်မြေတွေရှိပေမဲ့ စိုက်ပျိုးဖို့ မျိုးစေ့တွေမရှိဘူး။ အခုတော့ သူတို့ဆီကပေးခဲ့တဲ့ ဟင်းမျိုးစေ့တွေနဲ့ ယာခင်းတွေစိုက်နေပါပြီ“ဟု မူအိအူလာကပြောသည်။

မြန်မာနိုင်ငံတွင် ICRC အနေဖြင့် ရာသီဥတုဘေးအန္တရာယ်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပဋိပက္ခများကြောင့် အခက်အခဲဖြစ်နေသူများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး ၊မောင်တော၊ ဘူသီးတောင်၊ မင်းပြား စသည့်မြို့နယ်များတွင် ဆောင်းသီးနှံကို အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့်သီးနှံများမှာ ခရမ်း၊ အားလူး၊ ငရုတ်၊ သခွါး၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စသည်တို့ကို အများအားဖြင့်စိုက်ပျိုးကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်ဒေသအခြေအနေ တည်ငြိမ်နေသော်လည်း ယင်း၏အကျိုးဆက်များအဖြစ် ကုန်ဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများမှာ အခက်အခဲများရှိနေသည်။

ပြီးခဲ့သည့်နှစ်က ဆောင်းသီးနှံစိုက်ပျိုးသည့်ဧကမှာ တစ်ပြည်နယ်လုံးအတိုင်းအတာအရ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ဗီဒီယိုများ