သံတွဲမှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို အောက်တိုဘာလ ၉ ရက် ညနေ ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

10 Oct 2021

DMG ၊ အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို အောက်တိုဘာလ ၉ ရက် ညနေ ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးစိန်ချစ်အားဖမ်းဆီးရာတွင် သံတွဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စရဖအဖွဲ့ဝင်များလည်းပါဝင်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမသိရသေးကြောင်း ဦးစိန်ချစ်ဇနီး ဒေါ်ခင်နှင်းဖြူက DMG သို့ပြောသည်။

"ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ လာဖမ်းတဲ့အခါ ရဲတွေ၊ စရဖတွေပါတယ်။ ကြားရသလောက်ကတော့ ရမန်ယူမယ်လို့တော့ကြားတယ်။ ဘာပုဒ်မနဲ့အမှုဖွင့်ထားတယ် ဆိုတာကိုတော့ မသိသေးဘူး"ဟု ဒေါ်ခင်နှင်းဖြူကဆိုသည်။

လက်ရှိမှာ ဦးစိန်ချစ်ကို အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)၊ ၅၂(က)တိုဖြင့် သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သံတွဲရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။

"သူ့ကိုမနေ့က ဖမ်းလိုက်ပါတယ်။ သူ့ကိုက လက်ရှိအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ-၅၀(က)၊ ၅၂(က)တို့နဲ့ အမှုဖွင့်ထားပါတယ်။ သူက မအူပင်မှာဖမ်းမိတဲ့ PDF အဖွဲ့တွေနဲ့ အဆက်အစပ်ရှိလို့ဖမ်းတာပါ"ဟု ၎င်းရဲအရာရှိက ဆိုသည်။

လက်ရှိတွင် ဦးစိန်ချစ်နှင့်ဆက်စပ်သူအချို့ကိုလည်း လိုက်လံရှာဖွေခြင်းများရှိသဖြင့် ရှောင်တိမ်းနေရသူအချို့ ရှိကြောင်းလည်း သိရသည်။

ဦးစိန်ချစ်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီကိုယ်စားပြု၍ သံတွဲမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

ဗီဒီယိုများ