တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကင်းချောင်းကျေးရွာအနီးမှ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့တို့ရှိသည့် နခခ(၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၂၈)နှစ်အရွယ် မာမွတ်ဟလင်နှင့် အသက်(၂၂)နှစ်အရွယ် မရိုဂီယာတို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

01 Oct 2022

စက်တင်ဘာ ၂၃

  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကင်းချောင်းကျေးရွာအနီးမှ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့တို့ရှိသည့် နခခ(၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၂၈)နှစ်အရွယ် မာမွတ်ဟလင်နှင့် အသက်(၂၂)နှစ်အရွယ် မရိုဂီယာတို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။
  • ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်နေ့ ည(၉)နာရီခန့်က နေအိမ်တချို့ မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံနှစ်ဦးဖြစ်သည့် ညောင်ဖောက်ကျေးရွာမှ အသက်(၃၉) နှစ်အရွယ် ဦးအေးကျော်ကျော်နှင့် သက္ကယ်ပြင်ကျေးရွာမှ အသက်(၄၀)နှစ်အရွယ် ဦးကျော်ကျော်နိုင်တို့ကို မြန်မာစစ်တပ်က စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။
  • မြန်မာနိုင်ငံတွင် ယခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ (၁၀)ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
  • မြန်မာစစ်တပ်မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် စက်တင်ဘာလ(၂၃)ရက်နေ့က အမှုဖွင့်ခဲ့သည်။
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကံ့ကော်တောဘုရားအနီးတွင် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဈေးဝယ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။

စက်တင်ဘာ ၂၄

  • ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့်  သိန်းဆန်းအမည်ရှိ တည်းခိုခန်းနှင့် နေအိမ်သုံးအိမ်ခန့် ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး တည်းခိုရိပ်သာတွင် တည်းခိုနေသည့် ပလက်ဝမြို့နယ် ဒိုးချောင်းကျေးရွာမှ ကိုစိန်ဖြူအောင် အသက် ၂၇ နှစ်မှာ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
  • မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှ ကားဝပ်ရှော့ပိုင်ရှင် ကိုအောင်ဇော်ဝင်းနှင့် တပည့်ဖြစ်သူ ကိုညီညီဝင်းတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ကားပိုင်ရှင်ဖြစ်သူ ကိုစိုးဝင်းကိုလည်း ဖမ်းဆီးရန်အတွက် မြန်မာစစ်တပ်က နေအိမ်အတွင်း စီးနင်းဝင်ရောက်ရှာဖွေခဲ့သည်။
  • ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာမှ ကိုညွန့်ဝင်း(၃၅)နှစ်၊ ကိုရွှေထွန်း(၃၆)နှစ်၊ ကိုမောင်မြင့်ဝင်း (၃၇)နှစ်၊ မောင်ထွန်းသာလှ (၂၀)နှစ်၊ မောင်သန်းထွန်းအောင်(၁၆)နှစ်နှင့် ကိုမောင်ဖြူ (၃၇)နှစ်တို့ကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်က ဘုန်းတော်ကြီးကျောင်းကနေ ကြိုးတုပ်ချည်နှောင်ကာ ဖမ်းဆီးသွားခဲ့သည်။
  • စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များနှင့် ဒေသတွင်းအလှူရှင်များကို ပိတ်ဆို့ကန့်သတ်ထားခြင်းကြောင့် ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ဆန်ပြုတ်ပြုတ်သောက်ပြီး အသက်ဆက်ဆက်နေရသည့် အခြေအနေကို ရောက်နေသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။
  • ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ သိတ်တောင်အုပ်စု ငှက်သေကျေးရွာမှ အသက် ၇ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်တစ်ဦးမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးထိမှန်ဒဏ်ရာကြောင့် ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့သည်။

စက်တင်ဘာ ၂၅

  • စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က ပိတ်ဆို့ဟန့်တားထားသဖြင့် ကျောက်တော်မြို့အထွက်ဂိတ်တွင် စစ်တွေ- ရန်ကုန် ခရီးသည်တင်ကားများ အပါအဝင် တခြားခရီးသည်ကားများလည်း နာရီနှင့်ချီ ပိတ်မိနေခဲ့ကြရသည်။
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ အလယ်ဈေးရပ်ကွက်(မြို့မဈေးကြီးအနီး)တွင် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့သည်။
  • ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာတွင် စက်တင်ဘာလ ၂၅ ရက်နေ့၊ ည ၁၁ နာရီကျော်အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အသက် ၇ နှစ်အရွယ် မောင်ကိုနိုင်မှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။
  • ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ ဒေသခံနှစ်ဦးဖြစ်သည့် ကိုခင်ဝင်းမောင်နှင့် ကိုစိုးမိုးသူတို့ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်မှ လာရောက်ဖမ်းဆီးပြီး ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

စက်တင်ဘာလ ၂၆

  • မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်သဖြင့် ယင်းနေရာတွင်ခိုလှုံနေသည့် ဆိပ်ကမ်းသာရပ်ကွက်မှ အသက် ၅ နှစ်အရွယ် မခိုင်သဇင်၊ အသက် ၁၂ နှစ်အရွယ် မောင်ဘုမောင်နှင့် အသက် ၂၃ နှစ်အရွယ် မဒန်ဒီတို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။
  • ရခိုင်ပြည်တွင် ယခုစက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃ ဦးအထိရှိလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
  • ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ည ၁၀ နာရီမထိုးမီ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် လမ်းဘေးဆိုင် စသည်တို့ကို ပိတ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသောကြောင့် ဆိုင်ပိုင်ရှင်များနှင့် လက်လုပ်လက်စား ဈေးသည်များမှာ စားဝတ်နေရေးထိခိုက်မှု ဖြစ်နေကြရသည်။
  • မြေပုံမြို့နယ် ငပသုန်ရွာ တိုက်နယ်ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
  • စစ်ကောင်စီက ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျပ်အတည်းမှ ထွက်ပေါက်ရှာရန်အတွက် ကြားခံ အသုံးချသည့် အတုအယောင်မျှသာ ဖြစ်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခြင်း မပြုရန် အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၆၇ ဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့တွင်  အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ တိုက်တွန်းခဲ့သည်။

စက်တင်ဘာ ၂၇

  • ရခိုင်ပြည်အတွင်းက စစ်ဘေးဒုက္ခသည်များကို စားဝတ်နေရေးအကူအညီများ ပံ့ပိုးပေးနေသည့် ပရဟိတသမား ကိုအမ်းသားကြီး (ခ) ဦးသန်းရွှေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် မြောက်ဦးမြို့နယ်တရားရုံးတွင် အမှုဖွင့်ခဲ့သည်။
  • စစ်ကောင်စီက ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ၏ အမှုကို ၆ လအတွင်းတွင် အပြီးအစီးဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၂၇ ရက်နေ့ ရုံးထုတ်တွင် တရားသူကြီးကပြောဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောကြားခဲ့သည်။
  • မင်းပြားမြို့နယ်၊ စက်ကရေကျေးရွာအတွင်းသို့ စက်တင်ဘာလ ၂၇ ရက်နေ၊ နံနက်ပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်အိမ်ပျက်စီးသွားပြီး အသက် ၆၀ အရွယ် ဦးစံဂိုးအောင်၊ ဦးကြွင်းကျန်အောင်၊ ဒေါ်နှောင်းချေ (၄၅)နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်အောင်နိုင်လင်း (ခ) နားကာချေတို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။
  • စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁) နာရီအချိန်ခန့်တွင် မင်းပြားမြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်မျိုးဇော်အား စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့သည်။
  • ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသ၊ မယူတောင်ခြေရင်း၊ အထက်နန်းရာနယ်ခြားစောင့် အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၂၈

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခလရ ၃၅၄ တပ်ရင်း တပ်နယ်မြေခြံစည်းရိုးနှင့် မလွတ်ကင်းဟုဆိုကာ မင်းဂံရပ်ကွက် အကွက်(၁၀) ကယ်ဆယ်ရေးလမ်းရှိ နေအိမ်(၆)အိမ်ကို ၁၀ ပေခန့်စီ နောက်ဆုတ်ခိုင်းထားသဖြင့် ဆုတ်ပေးလိုက်ရသည်ဟု အိမ်ပိုင်ရှင်များကပြောသည်။
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဌာနဦးစီးမှူး ဦးကျော်ဆင့်နှင့် အစိုးရရပ်ကွက်မှ ကိုရန်နိုင်မင်း (ခ) ကိုသောက်ဆန်း၊ ကိုသန်းမောင်၊ ကိုမောင်နိုင်တို့ကို စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။
  • ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသာချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
  • တပ်ပိုင်မြေဟု အကြောင်းပြချက်ဖြင့် သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာရှိ နေအိမ်(၇၀)ခန့်ကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က လာရောက်ဖယ်ရှားခဲ့သည်။
  • မောင်တောမြို့နယ်မြောက်ပိုင်း၊လက်ပံတောင်ကြောရှိ ရက္ခိုင့်တပ်တော်(AA)ရဲ့အကျဉ်းထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့ညက မြန်မာစစ်တပ်မှ ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် တခြားအကျဉ်းသားတချို့ သေဆုံး၊ ဒဏ်ရာရရှိသွားခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က စက် တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
  • ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ရန် နောက်ကျခဲ့ရသူများ၏လျှောက်လွှာတွေထဲက တချို့ကို ထပ်မံရွေးချယ်ကာ ဒုတိယအကြိမ်အဖြစ်ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
  • စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် မိမိတို့မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများမှာ အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၂၈ ရက်နေ့၊ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၉

  • ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာနေပြီး သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ ဦးအထိ ရှိခဲ့သည်။
  • ရန်ကုန်-စစ်တွေကားလမ်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကို ခွဲခြားထားသည့် မှတ်တိုင်အနီးတွင် ရိက္ခာလာပို့သည့် မြန်မာစစ်တပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေးဟောင်း သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်ထောင်အထူးတရားရုံးက ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့သည်။
  • မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာအတွင်းသို့ စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မခိုင်မိုးအေးနှင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့သည်။
  • စက်တင်ဘာ ၂၉ ရက်နေ့ တစ်ရက်တည်းတွင် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်က ၁၂ ဦးထက်မနည်း သေဆုံးသွားကြောင်း AA ဖက်ကပြောခဲ့သည်။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် မောင်စိုးနိုင်ကျော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မင်းသားကျွန်းတံတိုင်းအနီးရှိ တောင်ကုန်းပေါ်သို့ မှိုရှာရန်သွားစဉ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်နှစ်ဖက် ဒူးအောက်မှစ၍ ပြတ်ထွက်သွားသောကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ည ၁၁ နာရီကျော်ခန့်တွင် သေဆုံးသွားခဲ့သည်။
  • ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာမှ ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

စက်တင်ဘာ ၃၀

  • ပြည်မဘက်မှ ရခိုင်ပြည်အတွင်းသို့ တင်သွင်းနေသည့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသည်ဟု ဆေးကုမ္ပဏီများ၊ ဆေးဝါးပစ္စည်းများ ရောင်းချနေသူများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိရသည်။
  • ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် သပိတ်တောင်(မြောက်)၊ စိမ်းညှင်းပြင်၊ ဂူတာပြင် စသည့်ကျေးရွာ(၃)ရွာမှ မွတ်ဆလင်ဦးရေ ၈၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးလျက်ရှိနေကြောင်း သိရသည်။
  • အသုံးပြုပြီးသည့် စက္ကူများကို တစ်သျှူးကြမ်းအဖြစ် ပြန်လည်ထုတ်လုပ်မှုကို လပ်ကီးဆဲဗင်းစက်ရုံက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁၅)တွင် လုပ်ကိုင်လျက်ရှိသည်။
  • ရခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များမှာ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထား၍ ဒေသအတွင်း ကုန်ပစ္စည်းများနှင့် ဆေးဝါးများမှာ ပြတ်လပ်နေပြီး ဈေးနှုန်းမြင့်မားနေသည်။
  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆောက်ခပ်ကျေးရွာတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်စခန်းမှ ရေထွက်ခပ်သည့် စစ်ကောင်စီတပ်သား ၅ ဦးကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက စနိုက်ဘာဖြင့် ပစ်ခတ်သဖြင့် စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လောင်းရာပြင်ကျေးရွာမှ မှိုရှာရန်သွားသည့် ကိုဝင်းမင်းအာင်(၂၃ နှစ်)၊ ကိုဝင်းမြင့် (၃၂ နှစ်)၊ ဦးမောင်လုံးချို (၄၃ နှစ်)၊ ကိုညီသန်းချေ (၃၃ နှစ်)နှင့် ကိုမောင်မောင်စိုး(၂၆ နှစ်) တို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

ဗီဒီယိုများ