ပလက်ဝဒေသခံနှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

တပ်မတော်ကဖမ်းဆီးထားသည့် ပလက်ဝဒေသခံနှစ်ဦးအား စစ်ဆေးမေးမြန်းချက်များအရ ရက္ခိုင့်တပ်တော် (AA)နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)(ခ) ဖြင့် အမှုဖွင့်ထားကြောင်း ပလက်ဝမြို့မရဲစခန်းမှ သိရသည်။

By နှင်းနွယ် 29 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၂၉ ၊ ပလက်ဝ

တပ်မတော်ကဖမ်းဆီးထားသည့် ပလက်ဝဒေသခံနှစ်ဦးအား စစ်ဆေးမေးမြန်းချက်များအရ ရက္ခိုင့်တပ်တော် (AA)နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)(ခ) ဖြင့် အမှုဖွင့်ထားကြောင်း ပလက်ဝမြို့မရဲစခန်းမှ သိရသည်။

အမှုဖွင့်ခံထားရသူနှစ်ဦးမှာ  ကျောက်တော်မြို့၊ပိုက်သည်ရပ်ကွက်မှ ပလက်ဝမြို့၊မြို့မရပ်ကွက်တွင် အိမ် ထောင်ကျနေသည့် ကိုထွန်းလင်းဇော် အသက်(၂၉)နှစ်နှင့် ၎င်း၏ယောက်ဖဖြစ်သူ ကိုစိုးကျော်လင်း အသက် (၁၇)နှစ်တို့ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

စက်တင်ဘာလ၂၅ ရက်နေ့က စိမ်းစင်းရွာဖက်သို့တံတားလုပ်ရန် ဆိုင်ကယ်အတူစီး၍သွားစဉ် လောင်ကဒူး ကျေးရွာအနီး၌ တပ်မတော်သားများထံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ထို့နောက် ၎င်းတို့နှစ်ဦးအား မသင်္ကာ၍စစ်ဆေးမေးမြန်းခဲ့ရာ တစ်ဦးမှာ AA ထံ၌ သင်တန်း(၃)လ တက်ဖူး ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသဖြင့် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ပလက်ဝမြို့မရဲစခန်းမှ စခန်းမှူးဦးဝင်းလွင်က DMG သို့ ပြောသည်။

“ကာယကံရှင်ကိုယ်တိုင်က AA အဖွဲ့ဆီမှာ သင်တန်းတက်ဖူးတယ်။ ပြီးတော့မှ အပင်ပန်းမခံနိုင်လို့ပြေးလာတယ်။ နောက်တစ်ယောက်ကတော့ သူနဲ့အဖော်လိုက်ပေးတာဆိုပြီး ထွက်ဆိုထားတော့ အဲဒီတစ်ယောက်ကလည်း အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတာမျိုးပေါ့။ တပ်ကလည်း သူတို့ထွက်ဆိုချက်တွေနဲ့အတူ အမှုဖွင့်ပေးဖို့၊ တရား ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ လွှဲပေးလာတော့ ကျနော်တို့လည်းဥပဒေနဲ့အညီ လုပ်ပေးရတော့မှာပေါ့။ မှန်တာ၊ မမှန်တာကျတော့ တရားရုံးရောက်မှ တရားသူကြီးက ဆုံးဖြတ်လိမ့်မယ်’’ ဟု ၎င်းကပြောသည်။

၎င်းတို့နှစ်ဦးအား တပ်မတော်သားများမှ(စက်တင်ဘာလ၂၈ရက်နေ့)က ပလက်ဝမြို့ မရဲစခန်းသို့ လာရောက် ပို့ဆောင်ထားပြီး  ယနေ့(စက်တင်ဘာလ ၂၉ရက်နေ့)တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင် များက ပြောသည်။

“မိသားစုဝင်တွေနဲ့တော့ ခဏလေးတွေ့ခွင့်ပေးတယ်။ ကျမသားလေးကို တရားသူကြီးတွေကမေးလို့ရှိရင် စကားကို ကောင်းကောင်းမွန်မွန်လေးဖြေနော်လို့ တစ်ခွန်းပဲမှာလိုက်ရသေးတယ်။ ရဲတွေက သူတို့ကို ပြန်ခေါ် သွားတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို တရားသူကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်သွားတယ်။ ကျမတို့ ကိုတော့ ရဲတပ်ဖွဲ့ဝင်တွေကအထဲကိုဝင်ခွင့်မပေးဘူး။ ဝင်လို့မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် သူတို့ကို ဘာတွေစစ်ဆေးမေးမြန်းတယ်ဆိုတာကို ကျမတို့မသိခဲ့ရဘူး။ နောက်ထပ် ဘယ်နေ့ရုံးချိန်း ရှိတယ်ဆိုတာလည်း ကျမတို့ကို ဘာမှမပြောလိုက်ဘူး ” ဟု ဖမ်းဆီးခံထားရသူ ကိုစိုးကျော်လင်း၏မိခင် ဒေါ်ဒေါင်းမလေးက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ကုလားတန်မြစ်အနောက်ဘက်ခြမ်းရှိ လောင်းကဒူးကျေးရွာဖက်မှ ကုလားတန်မြစ်အား ဖြတ်ကူး၍ မြစ်အရှေ့ဘက်ခြမ်းသို့မောင်းနှင်လာသည့်စက်လှေတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးသည် AA အဖွဲ့မှဖွင့်လှစ်သည့် သင်တန်းတွင်တက်ရောက်ခဲ့သူ ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် မိသားစုဝင်များက ဖမ်းဆီးခံရသူနှစ်ဦးမှာ AA အဖွဲ့ဝင်များနှင့်ပတ်သက်မှုမရှိကြောင်းနှင့် ဖမ်းဆီးခံ ရသည့်နေ့က သွားရောက်ရာတွင်လည်း စည်ပင်ဦးစီး၏ထောက်ခံချက်များဖြင့် ခွင့်ပြုချက်ယူပြီးမှ တောလမ်းက သွားလာခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ ကိုထွန်းလင်းဇော်၏ဇနီး မခင်ခင်သန်းကပြောသည်။

“သူတို့နှစ်ယောက်စလုံးက AA နဲ့ဘာပတ်သက်မှုမှမရှိဘူး။ သူတို့ဝန်ခံထွက်ဆိုထားတယ်ဆိုတာကလည်း သူတို့ ရိုက်နှက်စစ်ဆေးတဲ့အတွက် အကြောက်လွန်ပြီးတော့ ပြောလိုက်တာပဲဖြစ်ရမယ်။ ပြီးတော့ အဲဒီနေ့က သူတို့ သွားတယ်ဆိုတာကလည်း စည်ပင်ဦးစီးက တပ်ရင်း ၂၈၉ ကိုလည်းဖုန်းဆက်ထားပြီးပြီ။ ခွင့်ပြုချက်တွေလည်း အားလုံးရထားပြီးပြီ။ သွားလို့ရတယ်ဆိုပြီးပြောလို့ သွားကြတာ။ မဟုတ်ရင် သူတို့လည်း တောလမ်းကနေ သွားရဲမှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ကလည်း တောလမ်းမှပစ္စည်းအငှားသွားထမ်းသူ ၆၀ ကျော်အား တပ်မတော်သားများမှ ဖမ်းဆီးစစ်ဆေးပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကျောက်တော်ဖက်သို့ ဝန်ပစ္စည်းအငှားသွားထမ်းသည့် အမျိုးသား၊ အမျိုးသမီး(၄၁)ဦးကို တပ်မတော်သားများမှ တပ်ရင်း(၂၈၉)သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ တစ်ရက်ခန့် စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်ခုဖြစ်သည့် ပလက်ဝမြို့နယ်တွင် ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုများကိုပိတ်ထားသဖြင့် ဒေသခံများမှာ အခက်အခဲများဖြစ်ပေါ်နေကြသည်။

ဗီဒီယိုများ