ရသေ့တောင်မြို့နယ်တွင် မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်(မွတ်စလင်)ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)က လက်နက်ငယ်ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By နှင်းနွယ် 26 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၂၆ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်(မွတ်စလင်)ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)က လက်နက်ငယ်ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်း(၄)နာရီအချိန်က မေယုမြစ်အတွင်း သွားလာနေသည့် တပ်မတော်ရေယာဉ်မှ ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ငယ်ကျည်များကျရောက်ကာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု အနောက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက DMG သို့ ပြောသည်။

“ရွာထဲကို ကျည်ဆံတွေလာကျတုန်းက ကျနော်တို့က ကိုယ့်အိမ်မှာကိုယ် အေးဆေးထိုင်နေကြတာ။ ဘာဖြစ် မှန်းလည်းမသိဘူး။ ကျည်က ရွာထဲကို အချက် ၂၀ ကျော်လောက်ကျတယ်။ အခုဒဏ်ရာရသွားတဲ့ မိန်းကလေး ကလည်း သူ့အိမ်အပေါ်ထပ်မှာထိုင်နေတာ။ အဲဒီအချိန်မှာပဲ လက်နက်ငယ်ကျည်ဆံက သူ့ကိုလာထိသွားတာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရွာအတွင်း ကျည်ဆံများကျရောက်လာသဖြင့် မဘီဘီနီ(၁၀)နှစ်၏ ဘယ်ဘက်လက်၌ ကျည်ရှပ်ထိဒဏ်ရာရရှိ သွားခဲ့ပြီး ဒဏ်ရာမပြင်းထန်သဖြင့် ကျေးရွာ၌သာ ဆေးကုသမှုခံယူနေကြောင်း ဖခင်ဖြစ်သူ ဦးကိုဘီကဆိုသည်။

“ကျည်ဆံကတော့ သူ့လက်ကိုရှပ်ထိသွားတာ။ ဒဏ်ရာကတော့ သိပ်မများဘူး။ ဒါပေမယ့် ထိုင်နေရင်းနဲ့ ရုတ်တရက်လာထိတာဆိုတော့ သူကကြောက်ပြီး သတိမေ့သွားတယ်။ အခုလက်ရှိတော့ သူ့ကို ရွာကဆေးသမားတွေနဲ့ ကုသပေးထားတယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး” ဟု ၎င်းကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အဲဒီအနောက်ပြင်ရွာအနီးတစ်ဝိုက်မှာ မနေ့က တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အခုဒဏ်ရာ ရသွားတဲ့မိန်းကလေးကလည်း တပ်မတော်ရေယာဉ်က ပစ်ခတ်တဲ့ အတွက် ဒဏ်ရာရသွားတာလို့သိရတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

ယင်းသို့ တပ်မတော်ရေယာဉ်က ပစ်ခတ်သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရသေ့တောင်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်နေ့ကလည်း တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှု များနှင့် ကျေးရွာအနီးတပ်မတော်သားများရောက်ရှိလာသဖြင့် ကူတောင်၊ ရွှေလောင်းတင်၊ ဦးဂါ၊ မင်းကွန်းချောင်းနှင့် ကံပြင်ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ကိုဗစ်ကပ်ရောဂါကာလတွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသဖြင့် ရသေ့တောင် အပါအဝင် ကျောက်တော်၊ ဘူးသီးတောင်နှင့် မြေပုံမြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည်များ တိုးလာနေသည်။

ဗီဒီယိုများ