ရခိုင်က မြို့နယ်အချို့တွင် 4G အင်တာနက် သုံးစွဲခွင့်ပြန်ရ

ရခိုင်ပြည်နယ်အတွင်းက 2G အင်တာနက်ပေးထားသည့် မြို့နယ်များတွင် 4G အင်တာနက်လိုင်း ပြန်လည် မသုံးပြုခွင့်ရရှိလာကြောင်း ဒေသခံများထံမှသိရသည်။

03 Feb 2021

DMG | ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်အတွင်းက 2G အင်တာနက်ပေးထားသည့် မြို့နယ်များတွင် 4G အင်တာနက်လိုင်း ပြန်လည် မသုံးပြုခွင့်ရရှိလာကြောင်း ဒေသခံများထံမှသိရသည်။

ယခင်က 2G အင်တာနက်သာရရှိသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ဖေဖော်ဝါရီ ၃ ရက် ညဉ့် ၁၂ နာရီခွဲအချိန်မှစ၍ 4G အင်တာနက်လိုင်း ပြန်လည် ရရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရသေ့တောင်မြို့နယ် ဒေသခံ ဦးမျိုးကျော်က “ကျနော်ကတော့ နံနက်လောက်မှသိတယ်၊ သူငယ်ချင်းတွေ ပြောနေကြတာတော့ ၁၂ နာရီလောက်ကနေ ရတယ်လို့ပြောပါတယ်။ လိုင်းသုံးရတာကတော့ 2G ထက်တော့ အဆင်ပြေတာပေါ့” ဟု ဆိုသည်။

ရခိုင်ပြည်သူများအနေဖြင့် သတင်းအမှောင်ချခံထားရသည့်မှာ ကြာပြီဖြစ်သည့်အတွက် ယခုကဲ့သို့ ပြန်လည် ဖွင့်ပေးခြင်းကိုကြိုဆိုကြောင်း မြေပုံမြို့နယ်မှ ဦးဖေသန်းကပြောသည်။

“ဖွင့်ပေးတဲ့အကြောင်းကတော့ တပ်မတော်အစိုးရအနေနဲ့ အေအေနဲ့ငြိမ်းချမ်းရေးရထားတာလည်း တစ်ကြောင်း ပါတယ်။ နောက်တစ်ခုက သူတို့တက်လာတာဟာ အပြောင်းအလဲတစ်ခုကို မိမိဆန္ဒအရလုပ်ပေးချင်တာလည်း ပါမယ်လို့ထင်တယ်။ အဲဒီအကြောင်းတွေပေါ်မူတည်ပြီးတော့ အင်တာနက်ပြန်ဖွင့်ပေးတာပေါ့၊ စစ်ပွဲတွေ ပြန်ဖြစ် ရင်လည်း ပိတ်ချင်ပိတ်တတ်တယ်။ အများအားဖြင့် ဖွင့်ပေးတာကတော့ စစ်ပွဲအခြေအနေပေါ်မူတည်တယ်” ဟု ဦးဖေသန်းက သုံးသပ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ အစိုးရကကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ သော်လည်း သြဂုတ်လ ၂ ရက်နေ့တွင် ကျန်မြို့နယ်များကို မြန်နှုန်းနည်း 2G အင်တာနက်လိုင်းသာ ပြန်ဖွင့် ပေးထားခဲ့သည်။

လက်ရှိမှာ 4G အင်တာနက်လိုင်း ပြန်လည်ရရှိသော်လည်း တရားဝင်ကြေညာခြင်းမရှိသည့်အတွက် ပြန်လည် ပြတ်တောက်သွားမည်ကိုစိုးရိမ်ကြောင်း မြောက်ဦးလူငယ်အစည်းအရုံး(MUYA)မှ ကိုအောင်ခိုင်စိုးကပြောသည်။

“လိုင်းကပြန်ဖွင့်ထားပေမယ့် တရားဝင်မကြေညာသေးတာကြောင့် အဲဒီအပေါ်မှာ နည်းနည်းစိုးရိမ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိတ်တဲ့အချိန်ကလို တရားဝင်စာထုတ်ပြီ ပြန်ဖွင့်ပေးတာမဟုတ်တာကြောင့်ပေါ့” ဟု ၎င်းကဆိုသည်။

အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ လူဦးရေ ၆ သိန်းကျော်မှာ အင်တာနက် အသုံးပြုခွင့်ဆုံးရှုံးခဲ့ရပြီး ယင်းသို့ဖြတ်တောက်ခံရပြီး တစ်နှစ်ကျော်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြန်နှုန်းမြင့် 4G အင်တာနက်လိုင်း ပြန်လည်ရရှိလာခြင်းဖြစ်သည်။

ဗီဒီယိုများ