စစ်ရေးပဋိပက္ခဒဏ်ခံခဲ့ရသော အမျိုးသမီးများ လက်ရှိအချိန်ထိ လုံခြုံရေးနှင့် အခြားကဏ္ဍများ ဆုံးရှုံးနေရဆဲဖြစ်ကြောင်းပြော

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ခန့်ကြာဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ နှစ်သိန်းကျော်ထဲတွင် အမျိုးသမီးနှင့် ကလေးအများစု ပါဝင်ခဲ့သည်။

08 Mar 2022

DMG ၊ မတ် ၈

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ခန့်ကြာဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ နှစ်သိန်းကျော်ထဲတွင် အမျိုးသမီးနှင့် ကလေးအများစု ပါဝင်ခဲ့သည်။

၎င်းတို့မှာ စစ်ဘေးရှောင်စခန်းများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများစွာဖြင့် နေထိုင်နေကြရသည်။ တိုက်ပွဲငြိမ်သက်ခဲ့သော တစ်နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိသော်လည်း စစ်ဘေးရှောင်ရှစ်သောင်းခန့်မှာ စစ်ဘေးရှောင်စခန်းများတွင် ကျန်ရှိနေသေးသည်။

စစ်ဘေးရှောင်စခန်းတွင်နေထိုင်ရသည်မှာ လုံခြုံရေးကင်းမဲ့သလိုခံစားနေရပြီး ကျန်းမာရေး၊ နေထိုင်ရေးကအစ စိုးရိမ်နေရသည်ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် မကြည်ကြည်လှကပြောသည်။

“ကျွန်မတို့မှာဆိုရင် မိသားစုငါးယောက်ရှိတယ်။ ငါးယောက်လုံးက မိန်းကလေးတွေချည်းပဲ။ ဒါကြောင့် စစ်ဘေးရှောင်စခန်းမှာနေထိုင်ရတာ လုံခြုံရေးပိုင်းမှာ ပိုပြီးစိုးရိမ်မိတယ်။ တစ်ခြားကိစ္စတွေမှာဆိုရင်လည်း လုံခြုံမှုမရှိသလို ခံစားရတယ်။ ရေချိုးတာကအစပေါ့။ ကိုယ်လုံခြုံဖို့အတွက် အမြဲတမ်းဂရုစိုက်နေရတယ်”ဟု မကြည်ကြည်လှကပြောသည်။

စစ်ဘေးရှောင်စခန်းရှိအဆောင်များမှာ လက်ရှိတွင် သုံးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သဖြင့် ဟောင်းနွမ်းပျက်စီးကာ အမျိုးသမီးများအတွက် လုံခြုံမှုပိုမိုကင်းမဲ့လာနေရသည်ဟု Women Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်ကပြောသည်။

စစ်ဘေးရှောင်စခန်း၌နေထိုင်နေသည့် အမျိုးသမီးများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး အခက်အခဲရှိနေပြီး တစ်ကိုယ်ရေကျန်းမာရေးနှင့် နေထိုင်ရေးကိစ္စရပ်များတွင်လည်း အခွင့်အရေးဆုံးရှုံးနေကြရကြောင်း ၎င်းကဆက်ပြောသည်။

“အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ရဲ့ Personal အရ သီးသန့်လုံလုံခြုံခြုံနဲ့နေထိုင်ရမယ့် အခန်းကဏ္ဍတွေရှိတယ်။ နောက်တစ်ချက်က ရေချိုး၊ အိမ်သာတက်တာကအစ Personal ပိုင်းဆိုင်ရာလုံခြုံမှုက အရမ်းအရေးကြီးတယ်။ စစ်ဘေးရှောင်စခန်းကိုရောက်သွားတဲ့အချိန်မှာ အဲဒါတွေဆုံးရှုံးခဲ့ရတယ်။ အခန်းတစ်ခုထဲမှာ မိသားစုလိုက် အိပ်ရတာတွေရှိတယ်”ဟု မခင်မြင့်ဇော်က ပြောသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့သည့်အချိန်က လက်နက်ကြီးကျရောက်မှု၊ မိုင်းနှင့်စစ်ကျန်လက်နက် အန္တရာယ်တို့ကြောင့် အရပ်သားများထိခိုက်သေဆုံးခဲ့ရမှုတွင်လည်း အမျိုးသမီးများပါဝင်ခဲ့ကာ ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရသည့် အမျိုးသမီးများလည်းရှိသည်။

အခြားတစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးများလည်းပါဝင်ခဲ့ပြီး အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် အမျိုးသမီး ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

တိုက်ပွဲကာလအတွင်း အမျိုးသမီးများမှာ စစ်ပွဲ၏အကျိုးဆက်ဒဏ်ကို အများဆုံးခံစားခဲ့ရပြီး အဆိုးရွားဆုံးမှာ စစ်ဘေးရှောင်စခန်းအတွင်း၌ပင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများဖြစ်သည်။

စစ်ရေးပဋိပက္ခကြားမှာ အမျိုးသမီးများက နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရကာ စစ်ပွဲ၏သားကောင် ဖြစ်နေကြရသည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူကပြောသည်။

“အခက်အခဲအကျပ်တည်းကာလမှာမှ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့အနေအထားတွေလည်းရှိတယ်။ ဥပမာ မုဒိမ်းကျင့်ခံရတယ်။ တစ်ခြားသော လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခံရတယ်။ အမျိုးသမီးတွေက အဲဒီလို အကြမ်းဖက်မှုတွေကိုလည်း တစ်ပြိုင်နက်ခံစားနေကြရတာတွေရှိတယ်။ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေကို ဒုက္ခရောက်စေတဲ့အပြင် တစ်ဖက်မှာလည်း အဲဒီနိုင်ငံရေးမတည်ငြိမ်ကြောင့် ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံမှုမရှိတာတွေကိုလည်း ခံစားကြရတယ်”ဟု ဒေါ်စောစံငြိမ်းသူကပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပြည်နယ်ဆင်းရဲမွဲတေမှု၊ ပညာရေးပိုင်းနိမ့်ကျမှုတို့ကြောင့် ရခိုင်ပြည်အတွင်းမှ အမျိုးသမီးအများစုမှာ အိမ်မှုကိစ္စဖြင့်သာ အချိန်ကုန်နေကြသည်။ အထူးသဖြင့် စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးများမှာ ကဏ္ဍပေါင်းစုံမှအခွင့်အရေးများနှင့် အခွင့်အလမ်းများ ပျောက်ဆုံး နေကြရသည်။

ရခိုင်ပြည်အတွင်းက အမျိုးသမီးများမှာ စစ်ဘေးရှောင်ဘဝသို့ရောက်သွားသည့်နောက်ပိုင်း အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ကြရသည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“ကလေးသူငယ်နဲ့ပတ်သက်ရင်လည်း အမျိုးသမီးငယ်တွေဆိုရင် ကြီးပြင်းလာတာနဲ့အညီ ပညာသင်ကြားဖို့ အခွင့်အရေးတွေဆုံးရှုံးနေရတယ်။ နေရာတိုင်းနေရာတိုင်းမှာ လက်လှမ်းမမီဖြစ်နေရတယ်။ လက်လှမ်းမမီတဲ့ အတွက် အခက်အခဲတွေရှိနေတယ်။ ပြောရမယ်ဆိုရင် ရခိုင်ပြည်အတွင်းမှာရှိနေတဲ့ အမျိုးသမီးတွေဟာ စစ်ဘေး၊စစ်ဒဏ်ခံရပြီးနောက်ပိုင်းမှာ အစစအရာရာလိုအပ်ချက်၊ ချွတ်ယွင်းချက်တွေအများရှိကြီးနေတယ်”ဟု ဒေါ်ညိုအေးက ပြောသည်။

အမျိုးသမီးများနှင့်ပတ်သက်၍ နယ်ပယ်တိုင်းမှာ အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ အကြမ်းဖက်ခံရမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကအစ အမျိုးသမီးများမှာ အခွင့်အရေးများချိုးဖောက် ခံရမှုများရှိနေသည့်အတွက် တန်းတူရည်တူအခွင့်အရေးရရှိရေးက အကန့်အသတ်ရှိဆဲဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေး အသိုင်းအဝိုင်းများက ပြောဆိုကြသည်။

ယင်းကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ ခွဲခြားဆက်ဆံမှုလျော့နည်းရေးနှင့် အမျိုးသမီး များ တန်းတူရည်တူရရှိရေးအတွက် ယနေ့ကျရောက်သည့် (၁၁၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုကြသည်။

ဗီဒီယိုများ