သေဒဏ်ကျခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သက်ညှာပေးရန် တပ်ချုပ်က ထိုင်းဝန်ကြီးချုပ်ကိုပြော

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးတို့နှင့် အစိုးရအိမ်တော်၌တွေ့ဆုံစဉ် ယင်းသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

By မြတ်ဝင်းကျော် 04 Sep 2019

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြတ်ဝင်းကျော် | DMG

စက်တင်ဘာ ၄၊ ရန်ကုန်

ထိုင်းနိုင်ငံ၌ သေဒဏ်ပေးခြင်းခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား သက်ညှာပေးရန် စဉ်းစားပေးစေ လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးတို့နှင့် အစိုးရအိမ်တော်၌တွေ့ဆုံစဉ် ယင်းသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသား ၂ ဦးကို နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ထောက်ထားပြီး သက်ညှာပေးရန် စဉ်းစားပေးစေလိုတယ်။ တရားဥပေဒနဲ့အညီလည်း ကူညီစောင့်ရှောက် ပေးစေလိုတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

အလားတူ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ထိုင်းငံနိုင်ငံအကြီးအကဲများထံ မေတ္တာရပ်ခံထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၂ ရက်နေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကွဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် သေဒဏ်ပေး ခံထားသူ မြန်မာနိုင်ငံသားနှစ်ဦးအား ချုပ်နှောင်ထားသည့် ဘန်ခွမ်ဗဟိုအကျဉ်းထောင်သို့ စက်တင်ဘာ ၃ ရက် နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ယနေ့စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးကထုတ်ပြန်ထားသည်။

ထိုသို့ သွားရောက်တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အသနားခံတင်ပို့နိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း အားပေးစကားပြောကြားခဲ့သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံလိပ်ကျွန်း၌ ၂၀၀၄ ခုနှစ်က ဗြိတိသျှနိုင်ငံသား ခရီးသွားစုံတွဲနှစ်ဦး သတ်ဖြတ်ခံမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးကို အမှု ၇ ခုဖြင့် တရားစွဲဆိုကာ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။

သေဒဏ်ပေးခံရသူနှစ်ဦးမှာ ပြစ်မှုတစ်စုံတရာ ကျူးလွန်ခဲခြင်းမရှိကြောင်း၊ ထိုင်းရဲများက အတင်းညှဉ်းပမ်း နှိပ်စက်ကာ ဝန်ခံခိုင်း၍ ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လက်နက်ပေါ်မှတွေ့ရှိသည့် DNA နှင့်လည်း မတူညီကြောင်း စသည်အကြောင်းများဖြင့် ထိုင်းတရားရုံးအဆင့်ဆင့်ကို အယူခံဝင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။

ထို့နောက် ထိုင်းနိုင်ငံအမြင့်ဆုံးတရာရုံးသို့ အယူခံတင်ခဲ့ရာ သြဂုတ် ၂၉ ရက်နေ့က ပယ်ချလိုက်သဖြင့် ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာကျန်ရှိတော့သည်။

သေဒဏ်ပေးခံထားရသည့် မြန်မာနိုင်ငံသား ဝင်းနဲ့ဇော် လွတ်မြောက်ရေးအတွက် ၎င်း၏မိဘများအပါအဝင် မြန်မာနိုင်ငံသားများမှလည်း တောင်းဆိုမှုများ ရှိနေသည်။

ဗီဒီယိုများ