AA တပ်ချုပ်ညီနှင့်အတူ ဖမ်းဆီးခံရသူများအား လာမည့် မေလ ၄ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

AA တပ်မှူးချုပ်၏ညီနှင့်အတူ ဖမ်းဆီး၊ တရားစွဲဆို ခံရသူများအား လာမည့် မေလ ၄ ရက်နေ့တွင် Video Conferencing ဖြင့်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်ဟု အမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှသိရသည်။

27 Apr 2021

ဓါတ်ပုံ - ထွန်းခိုင် (နိရဉ္စရာ)

DMG ၊ ဧပြီ ၂၇

AA တပ်မှူးချုပ်၏ညီနှင့်အတူ ဖမ်းဆီး၊ တရားစွဲဆို ခံရသူများအား လာမည့် မေလ ၄ ရက်နေ့တွင် Video Conferencing ဖြင့်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်ဟု အမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးအား AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့ ၈ ဦးအား အင်းစိန်အကျည်းထောင်တွင် ထိန်းသိမ်းထားပြီး လာမည့် မေလ ၄ ရက်နေ့တွင် Video Conferencing ဖြင့်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်ဟု ၎င်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

“ညီဖြစ်သူ အောင်မြတ်ကျော်တို့အမှုကို လာမယ့် မေလ ၄ ရက်နေ့မှာ Video Conferencing နဲ့ ရုံးထုတ်ဖို့ရှိတယ်။ ညီမတို့အမှုကျတော့ ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက ရုံးမထုတ်တော့ဘူး။ စစ်ပြီးလို့ရှိရင်လည်း ရုံးမထုတ်ရင် အမိန့်ချလို့မရဘူး။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက AA ကို အကြမ်းဖက်က ပယ်ဖျက်လိုက်တဲ့အခါ အပြောင်းအလဲ တစ်ခုဖြစ်လာမလား စောင့်ကြည့်နေတယ်။ ပြည်နယ်ကောင်စီက အမှုတွေကို ရုတ်ပေးမလား တရားရုံးတွေကလည်း စောင့်နေကြတယ်”ဟု ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလ (၁၉) ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ပြန်လာသည့် AA တပ်မှူးချုပ်၏ ယောက်ဖ ကိုကျော်နိုင်နှင့် ညီမဖြစ်သူ မမိုးနှင်းဖြူတို့ကို ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီး ၎င်းတို့ နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး အင်းစိန်အကျည်းထောင်တွင် ထိန်းသိမ်းထားသည်။

ဦးကျော်နိုင်ကို ဖမ်းဆီးခြင်းမှာ ၂၀၁၉ စက်တင်ဘာလအတွင်း မန္တလေးမြို့တွင် AA နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်း ဆီးရမိသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားခံပြေး မောင် မောင်စိုးဆိုသူကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အမှုအား စစ်ဆေပြီးဖြစ်သဖြင့် အမိန့်ချရန်သာ ကျန်ရှိတော့သည် ဟုရှေ့နေဦးအောင်ကျော်စိန်က ပြောသည်။

“ယောက်ဖနဲ့ညီမတို့အမှုကို ကျတော့ အမိန့်ချဖို့အဆင့်ကျန်တယ်။ အမိန့်ချဖို့ရက်ကိုတော့ မသိရသေးဘူး။ အမှုတွဲက ရန်ကုန်တိုင်းရုံးချုပ်မှာ ရှိနေတယ်။ရန်ကုန်တိုင်းရုံးက အဲဒါကို ကြားနာလို့ သူတို့က အပြီးသတ်လွှတ်ဖို့လား။ သို့တည်းမဟုတ်အောက်ရုံးကို ပြန်ချဖို့လား အဲဒါကတော့ စောင့်ရအုံးမယ်။ အဂုက AA ကိုအကြမ်းဖက်က ပယ်ဖျက်ထားတယ်ပေါ့လေ။ အစိုးရရဲ မူဝါဒအရ သဘောထားပျော့ပျောင်းရင်တော့ တစ်စုံတစ်ရာ ထူးခြားလာဖို့လား ကျနော်တို့လည်း မျော်လင့်နေတယ်”ဟုရှေ့နေဦးအောင်ကျော်စိန်က ပြောသည်။

လက်ရှိတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌအပါအဝင် ၄ ဦးမှာ ၁၁ လအကြာ တရားရင်ဆိုင်ခဲ့ရပြီး၊ စွဲဆိုထားသည့် အမှုမှာ ပြစ်မှုမထင်ရှားသဖြင့် ယမန်နေ့ ဧပြီ ၂၆ ရက်နေ့က လွှတ်မြောက်သွားပြီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာ ကာလအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများနှင့်တရားစွဲဆိုခံရသူ ၃၆၂ ဦး ရှိခဲ့သည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းအရ သိရသည်။

ယင်းအထဲမှ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့်သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း  ရ၈ ဦးမှာ တရားရုံးမှ ပြန်လည်လွှတ်မြောက်သွားပြီဖြစ်သည်။

ယခုနှစ်၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရက္ခိုင့်တပ်တော်(AA) အား အကြမ်းဖက်အဖွဲ့မှ ပြန်လည်ရုပ်သိမ်းကြောင်း ကြေငြာခဲ့ပြီး၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ ပြန်လည်လွတ်မြောက်လာမည်ကို မိသားစုဝင်များက မျော်လင့်နေကြသည်။

ဗီဒီယိုများ