ရခိုင်မှလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုအားနည်းနေဟု ဝေဖန်

ရခိုင်ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံများ အားနည်းမှု၊ စီမံကိန်းနှင့်နည်းပညာပိုင်း အားနည်းမှုများကြောင့် လူငယ်များအနေဖြင့် အလုပ်အကိုင်အကိုင်အခွင့်အလမ်းရရှိမှုပိုင်းမှာ အားနည်းမှုများရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။

By ကျော်သူဌေး 23 Dec 2020

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံများ အားနည်းမှု၊ စီမံကိန်းနှင့်နည်းပညာပိုင်း အားနည်းမှုများကြောင့် လူငယ်များအနေဖြင့် အလုပ်အကိုင်အကိုင်အခွင့်အလမ်းရရှိမှုပိုင်းမှာ အားနည်းမှုများရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။

ရခိုင်ပြည်နယ်အခြေစိုက် People for People အဖွဲ့၏ ၂၀၁၆ စစ်တမ်းကောက်ယူချက်အရ ရခိုင်ပြည်နယ်မှ လူငယ် ၁၀၀ ရာခိုင်နှုန်းတွင် ၁၀ ရာခိုင်နှုန်းလောက်သာ အလုပ်အကိုင်ရှိကြပြီး ကျန်သည့် ၉၀ ရာခိုင်နှုန်းခန့်မှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝေးကွာနေသည်။

ယင်းသို့ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝေးကွာနေခြင်းမှာ ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ စက်ရုံ၊အလုပ်ရုံမရှိခြင်း၊ လျှပ်စစ်မီး နေရာတိုင်းတွင်မရရှိခြင်းတို့ကြောင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုမှာ အားနည်းနေခြင်းဖြစ်သည်ဟု People for people ၏ အမှုဆောင်ဒါရိုက်တာ ကိုစိုးလင်းက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ်။ နောက်ပြီးတော့ စက်ရုံအလုပ်ရုံတွေကလည်း ပံ့ပိုးမှုမရှိဘူး။ လူငယ်တွေအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုစီမံကိန်းတွေကလည်း အရမ်းအားနည်းတယ်။ လျှပ်စစ်မီး ကလည်း အပြည့်အဝမရရှိဘူး။ တစ်ဖက်မှာ NGO နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းလောက်က ပံ့ပိုးနေတာပဲ ရှိတယ်။ စီမံကိန်းနဲ့ အစိုးရဖက်ကလုပ်တဲ့ဟာက အရမ်းအားနည်းနေတယ်” ဟု ပြောသည်။

ရခိုင်မှ လူငယ်အများစုမှာ ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး မိမိဒေသတွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ကိုင်နေသူ အနည်းငယ်သာရှိသလို တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ကိုင်နေကြသူများအနေဖြင့်လည်း တိုက်ပွဲဖြစ်ပွားမှုနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ကိုစိုးလင်းက ပြောသည်။

“အများအားဖြင့် ပြည်ပမှာ အလုပ်သွားလုပ်တဲ့လူတွေပဲ များနေတယ်။ ကိုယ့်ပြည်နယ်မှာ လုပ်ငန်းခွင် အခွင့်အလမ်းက အရမ်းနည်းနေတယ်။ တချို့တွေက တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေနဲ့ ရပ်တည်နေပေမယ့်လည်း စစ်ဖြစ်နေတဲ့ကာလနဲ့ကိုဗစ်ကာလမှာ ရှေ့ထွင်ဖို့အတွက် အခက်အခဲရှိပြီး ရပ်နေရတဲ့အပိုင်းတွေလည်းရှိတယ်” ဟု ကိုစိုးလင်းကပြောသည်။

တစ်ဖက်မှာလည်း အင်တာနက်ပိတ်ပင်ထားသဖြင့် လူငယ်များ၏ လေ့လာသင်ယူမှုကို ပိတ်ပင်ထားသလို စက်ရုံအလုပ်ရုံများ တည်ဆောက်ပေးမှု၊ နည်းပညာပိုင်းအားနည်းမှုများကြောင့် လူငယ်များအနေဖြင့် ပြည်ပသို့ သွားပြီး အလုပ်လုပ်နေကြရခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ကျေးလက်ပုံစံက ကျနော်တို့မှာ မတက်နိုင်သေးဘူး။ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို နည်းပညာကျကျ မလုပ်နိုင်ဘူး။ အစိုးရက နည်းပညာပိုင်းကို စနစ်တကျသင်ပြပေးမှုတွေ မရှိတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းပိုင်းမှာ အားနည်းလာတယ်။ အစိုးရကိုယ်တိုင်က စက်ရုံအလုပ်ရုံတွေ တည်ဆောက်တာတွေမှာ အားနည်းချက်တွေရှိတဲ့ အတွက် နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်နေရသူတွေ များလာရတာဖြစ်တယ်” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲနှင့် ကိုဗစ်-၁၉ မဖြစ်မီကတည်းက အလုပ်အကိုင်ရှားပါးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ တိုက်ပွဲနှင့် ကိုဗစ်ဖြစ်ပွားမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပို၍ခက်ခဲသွားပြီဖြစ်ကြောင်း ကိုစိုးလင်းက ပြောသည်။

“စစ်ဖြစ်နေတဲ့ကာလထဲမှာ အဓိကလမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ကြုံနေရတဲ့အခါ ကိုဗစ်က ဝင်လာတယ်ဆိုတော့ ပိုပြီးသွားလာဖို့ခက်ခဲတာတွေရှိလာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ဆက်သွယ်မှုအနေအထားတွေက ကန့်သတ်မှုတွေများလာတဲ့အခါ လူငယ်တွေရဲ့လုပ်ငန်းခွင် အခွင့်အလမ်းက ပိုပြီးခက်ခဲ့သွားတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်းများအား အစိုးရမှပံ့ပိုးမှုများလုပ်ပေးရန် လိုအပ်သလို နည်းပညာပိုင်း သင်ပြမှုများကိုလည်း လုပ်ဆောင်ပေးရန်လိုအပ်နေသည်ဟု ဒေသခံများက ထောက်ပြကြသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် တက္ကသိုလ်များပိတ်ပင်ထားသဖြင့် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိအောင် အလုပ်လုပ်ရန်ကြိုးစားသော်လည်း အလုပ်အကိုင်အခွင့်အလမ်းမရှိသဖြင့် အခက်အခဲဖြစ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့မှ အဝေးသင်နောက်ဆုံးနှစ်ကျောင်းသား ကိုမောင်ဝင်းဇော်က ပြောသည်။

“လူငယ်တွေက အလုပ်အကိုင်မရှိရင် အဆင်မပြေတဲ့အတွက် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အလုပ်တစ်ခုရဖို့အတွက်က မလွယ်ဘူး။ ဖြစ်နိုင်ရင်တော့ အစိုးရက စီမံကိန်းတွေကို အကောင်အထည်ဖော်ပေး မှသာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရှိလာမယ်” ဟု ကိုမောင်ဝင်းဇော်က ပြောသည်။

ရခိုင်ပြည်နယ်မှ ပြည်သူအများစုတွင် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်နေရသူများ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ နည်းပညာပိုင်းအားနည်းမှုများကြောင့် တခြားတိုင်းနှင့် ပြည်နယ်များနှင့်နှိုင်းယှဉ်လျှင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေပြီး ဖွံ့ဖြိုးမှုအားနည်းနေသည့် ပြည်နယ်တစ်ခုတွင် ပါဝင်နေသည်ဟု သိရသည်။

ဗီဒီယိုများ