စစ်ကိုင်းနှင့် ကရင်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံကျေးရွာသားများ တိမ်းရှောင်မှုပိုများလား

စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်ကဒေသအချို့တွင် မြန်မာစစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား စစ်ရေးပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဒေသခံအများစုမှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်မှု ပိုမျာလာနေပြီး အခက်အခဲများစွာရင်ဆိုင်နေကြရကြောင်း သိရသည်။

24 Dec 2021

crd-facebook

DMG ၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်ကဒေသအချို့တွင် မြန်မာစစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား စစ်ရေးပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဒေသခံအများစုမှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်မှု ပိုမျာလာနေပြီး အခက်အခဲများစွာရင်ဆိုင်နေကြရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း မြန်မာစစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့်ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့အတွင်း ရဟတ်ယာဉ်များအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာအများအပြားပျက်စီးခဲ့ရကာ ဒေသခံတစ်သိန်းကျော်မှာ နီးစပ်ရာတောတောင်များအတွင်း တိမ်းရှောင်နေရကြောင်း စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ DMG ကို ပြောသည်။

“တိုက်ပွဲတွေက နေ့စဉ်ဆိုသလိုဖြစ်နေတာပေါ့။ ထိတွေ့တိုက်ပွဲတွေ၊ ခုခံစစ်တွေ၊ ပြောက်ကျားတပ်တွေနဲ့ ပစ်ခတ်နေကြတာဖြစ်ပါတယ်။ အဲဒီမှာစစ်ကောင်စီတပ်ဘက်က အထိအခိုက်မှုများလာတဲ့အခါကျတော့ တခါရဟတ်ယာဉ်တွေ၊ လေယာဉ်တွေသုံးပြီး ဗုံးကျဲတိုက်ခိုက်တာတွေပါပြုလုပ်တယ်။ အဲဒီထဲမှာ ကျေးရွာသားတွေထိခိုက်သေဆုံးရတာလဲ ရှိနေပါတယ်။ အဲလိုဖြစ်တဲ့အခါကျတော့ နီးစပ်ရာကျေးရွာ၊ ဘုန်းကြီးကျောင်းပေါ့၊ နောက်တောတောင်ထဲကိုထွက်ပြေးကြရတယ်။
ရာသီဥတုကအေးလာတဲ့အခါကျတော့ အဝတ်အစားကအစပေါ့၊ နေရာအိပ်ဖို့အထိ အခက်အခဲဖြစ်ပေါ်နေရပါတယ်"ဟု ၎င်းကပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ အရာတော်၊ ရွှေဘို၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကလေး စသည့်မြို့နယ်များမှဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေမျက်နှာကျေးရွာမှဒေသခံ(၂၀)ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာမှ ကျေးရွာသားတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်) ည ၁၀ နာရီခွဲ အချိန်တွင် ကရင့်အမျိုးအသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)ရှိ လေးကေ့ကော်မြို့သစ်အတွင်းသို့ မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် မြဝတီမြို့တွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည်။

ထိုပစ်ခတ်မှုများကြောင့် လေးကေ့ကော်မြို့သစ်၊ မင်းလက်ပံနှင့် မဲ့ထော်သလေးကျေးရွာအနီးဝန်းကျင်တို့တွင် ကျရောက်ခဲ့ပြီး ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့အတွင်းသို့လည်းကျရောက်ခဲ့ကာ နေအိမ်များပျက်စီးခဲ့ကာလူအထိအခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအမည်မဖော်လိုသည့် ကေအန်ယူနှင့်နီးစပ်သူတစ်ဦးမှဆိုသည်။

“မနေ့ညပိုင်း ၁၀ နာရီ ကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်ပျံဝဲတယ်။ နောက်တော့ မဲ့ထော်သလေး၊ လေးကေ့ကော်နဲ့ မင်းလက်ပံ၊ ဆုံဆည်းမြိုင်ဘက်ကိုဝဲပြီးတော့ ဗုံးကြဲသွားတာ။ နှစ်လုံးလောက်ရှိတယ်။နောက်တော့လက်နက်ကြီးတွေနဲ့ အချက်ရေ ၃၀ နီးပါး ပစ်သံတွေကြားရတယ်။ မဲဆောက်ဘက်ကိုလည်း ထိသွားတယ်လို့သိရပါတယ်။ ဒေသခံတွေလဲ အခုထွက်ပြေးနေရတယ်” ဟု ၎င်းမှဆိုသည်။

မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် မဲ့ထော်သလေးကျေးရွာအတွင်း ကျန်ရှိသည့်ဒေသခံ ၁၀၀ ကျော်မှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လေးကေ့ကော် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းရုံး(KNU)မှ မြန်မာစစ်တပ်များမှ စစ်အင်အားတိုးချဲ့လာမှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများမပြုလုပ်ရန်အတွက် လေးကေ့ကော်ဒေသကို လေကြောင်းကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂထံသို့ ဒီဇင်ဘာ(၂၀)ရက်နေ့က တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်နှင့်ပက်သက်ပြီး မြန်မာစစ်တပ်ဘက်မှ တစုံတရာတုံ့ပြန်ပြောဆိုသည်ကို မတွေ့ရသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြီး ကေအန်ယူတပ်မဟာနယ်မြေ(၆)ဖြစ်သည့် ကရင်ပြည်နယ်ကော့ကရိတ်၊ မြဝတီနှင့် လေးကေ့ကော်မြို့သစ်များအပါအဝင် တပ်မဟာ(၁)ဖြစ်သည့် မွန်ပြည်နယ် ဘီလင်း၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။
နှစ်ဖက်တိုက်ပွဲများ ပြင်းထန်မှုကြောင့် ဒေသခံတစ်သောင်းကျော်မှာ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်စစ်ဘေးရှောင်စခန်းနှင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးတို့တွင် စစ်ဘေးရှောင်ခိုလှုံနေကြရသည်။

မြန်မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အသက်ကြီးရွယ်အိုအပါအဝင် ရွာသား ၈ ဦးထိခိုက်ခဲ့ပြီး မဲဆောက်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြရကြောင်း မဲဆောက်ရှိ မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ဗီဒီယိုများ