မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးများ သေးဘိုဘော်ကျေးရွာသို့ကျရောက်၊ ဒေသခံများ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေရ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ သေးဘော့ဘိုးကျေးရွာသို့ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက်အစောပိုင်းအချိန်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးခဲ့ပြီး ဒေသခံများမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

23 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ သေးဘော့ဘိုးကျေးရွာသို့ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက်အစောပိုင်းအချိန်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးခဲ့ပြီး ဒေသခံများမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

လက်နက်ကြီးကျရောက်မှုကြောင့် သေးဘော့ဘိုးကျေးရွာမှဒေသခံများမှာ ထိုင်းနယ်စပ်အနီး သောင်ရင်းမြစ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးမှ DMG သို့ပြောသည်။

“မနက်အစောကြီး လက်နက်ကြီးပစ်သံကြားရတယ်။ နောက်တော့ ရွာထဲကအိမ်တွေထိကျပြီလို့ကြားရတာနဲ့ အတင်းထွက်ပြေးရတာပါ။ အခုလက်ရှိ အိမ်လဲထိခိုက်ပျက်စီးသွားခဲ့ရပါပြီ"ဟု အဆိုပါဒေသခံမှပြောသည်။

ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းသို့ ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် စစ်ဘေးရှောင်အများအစုမှာ စခန်းများမှဝေးရာသို့ ခေတ္တရှောင်တိမ်းခဲ့ရပြီး ထိုင်းတော်ဝင်တပ်များနှင့် နယ်ခြားစောင့်တပ်များမှ လေကြောင်းကင်းလှည့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ လက်နက်ကြီးကျည်များထိမှန်မှု ယနေ့မနက်ပိုင်းတွင်ကြားသိရသည့်အပြင် ထိုင်းလေတပ်မှ ရဟတ်ယာဉ်များဝဲပျံမှုများရှိနေကြောင်း မဲဆောက်နေ မြန်မာတစ်ဦးမှပြောသည်။

“မနက်က ခပ်စောစောပဲရဟတ်ယာဉ်ပျံနေတဲ့အသံကြားရတာ။ သုံးစီးလောက်ရှိတယ်။ မြန်မာနဲ့ထိုင်း နယ်စပ်အနားမှာပဲ ပျံပြီးကင်းပတ်နေတာတွေ့ရပါတယ်။ စစ်ဘေးရှောင်တွေရှိတဲ့နေရာကိုလည်း လက်နက်ကြီးထိမှန်ခဲ့တာရှိတယ်လို့ကြားရပါတယ်။ အဲဒါကြောင့် ကင်းလှည့်နေတာဖြစ်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်စစ်ဘေးရှောင်စခန်းနှင့် မြန်မာဘက်အခြမ်းရှိ ဖလူးလေး စစ်ဘေးရှောင်စခန်းတို့အပြင် ထိုင်း-မြန်မာနယ်စပ်အနီး သောင်ရင်းမြစ်ကမ်းနားဘေးတွင် မြန်မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကိုကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းကျော်အထိရှိပြီး စားဝတ်နေရေးအတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ AAC ထံမှသိရသည်။

ထိုစစ်ဘေးရှောင်စခန်းများသို့ မြန်မာစစ်တပ်၏လက်နက်ကြီးထိမှန်မှုကြောင့် စစ်ဘေးရှောင်ဒေသခံ သက်ကြီးရွယ်အိုအပါအဝင် ၅ ဦးထက်မနည်း မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်။

ဖါပွန်မြို့နယ်၊ ဝါးသိုးခွားကျေးရွာအနီးရှိ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ၁၀၁၄ စခန်းအနီးသို့ မနေ့(ဒီဇင်ဘာ ၂၁ ရက်) ည ၇ နာရီခွဲအချိန်၌ ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့များ တက်ရောက်လာသည်ဟုဆိုကာ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ကွဲကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကာ ဒေသခံများမှာလည်း နီးစပ်ရာတောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှယနေ့အထိ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ကေအန်ယူတပ်မဟာနယ်မြေများအလိုက် တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့မှ အရာရှိနှင့်တပ်သား ၆၀ ကျော်ကျဆုံးခဲ့ပြီး ၅၀ ဦးထက်မနည်းဒဏ်ရာရရှိထားကာ ၈ ဦးမှာဖမ်းဆီးခံထားရသည်။ KNLA ပူးပေါင်းအဖွဲ့မှလည်း ၄ ဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ