ရှမ်းပြည်နယ်တွင် Quarantine ဝင်ခဲ့ရသည့် ရခိုင် ၂၅၀ ကျော် နေရပ်သို့ပြန်လာ

ရှမ်းပြည်နယ်၊ ဆီလူးမြို့တွင် ဧပြီလ ၈ ရက်နေ့ကစတင်ပြီး (၂၁)ရက်ကြာ Quarantine ဝင်ခဲ့ရသည့် ရခိုင် ရွှေ့ပြောင်းလုပ်သား (၂၅၇)ဦးမှာ ယနေ့မေလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

By နှင်းနွယ် 01 May 2020

နှင်းနွယ် | DMG
မေ ၁ ၊ စစ်တွေ

ရှမ်းပြည်နယ်၊ ဆီလူးမြို့တွင် ဧပြီလ ၈ ရက်နေ့ကစတင်ပြီး (၂၁)ရက်ကြာ Quarantine ဝင်ခဲ့ရသည့် ရခိုင် ရွှေ့ပြောင်းလုပ်သား (၂၅၇)ဦးမှာ ယနေ့မေလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် တရုတ်နိုင်ငံ၊ မူးရှည်မြို့နှင့်အနီးနား ဖရဲခင်းများ၊ စိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြပြီး တရုတ်ရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၄ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ပေးခဲ့သည်။

၎င်းတို့အား မြန်မာနိုင်ငံ “ဝ”ဒေသနယ်စပ်ဂိတ်အထိ ကားဖြင့်ပို့ပေးခဲ့ပြီး “ဝ”တပ်ဖွဲ့ဝင်များမှ မိုင်းယန်မြို့သို့ ထပ်မံပို့ပေးခဲ့သည်။ ထို့နောက် မိုင်းယန်းမြို့မှလက်မခံသဖြင့် ၎င်းတို့အား ဆီလူးမြို့တွင် ၂၁ ရက်ကြာ စောင့်ကြည့်ခံခဲရခြင်းဖြစ်သည်။

ယင်းသို့ စောင့်ကြည့်ခံပြီးနောက် ယနေ့ မေလ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့စစ်ဆေးရေးဂိတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်လာသူ ကိုသန်းညွန့်မောင်က DMG ကို နေ့လည် ၁ နာရီကျော်အချိန်ခန့်က ပြောသည်။

“ကျွန်တော်တို့ကို ဆီလူးကရဲတပ်ဖွဲ့ဝင်တွေက ရခိုင်ကိုပြန်ဖို့အတွက် အစစအရာရာ ကူညီပေးတယ်။ ကားတွေရော၊ လမ်းမှာ စားဖို့သောက်ဖို့အတွက်ရော အကုန်စီစဉ်ပေးတယ်။ လက်ရှိတော့ အမ်းမြို့မှာ ကျန်းမာရေးစစ်ဆေးမှုတွေ၊ မှတ်ပုံတင်တွေကို စစ်ဆေးမှုခံယူနေတယ်။ ခဏနေရင် ကားပြန်ထွက်ရတော့မှာပါ” ဟု ၎င်းက ဆိုသည်။

ယခုပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၂၅၀ ကျော်ထဲတွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ စစ်တွေတို့မှ ပါဝင် ကြောင်းလည်း ပြန်လာသူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(COVID – 19)ကူးစက်ခံရသူ (၁၅၁)ဦးရှိနေပြီး ယင်းအထဲမှ သေဆုံးသူ (၆)ဦး အထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ(၃၀)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်းတွင် COVID-19 ပိုးတွေ့ရှိသူ တစ်ဦးမျှမရှိသေးကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ