ရမ်းဗြဲမြို့နယ်မှ NLD ပြန်ကြားရေးတာဝန်ခံနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် တာဝန်ရပ်နားခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရန် ဒေသခံများတောင်းဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ပြန်ကြားရေးတာဝန်ခံနှင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် တာဝန်မှရပ်နားခံရသည့် ရမ်းသစ်ကြီးအုပ်စုအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရန် အတွက် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

By အောင်ကောင်းဇော် 22 Sep 2020

အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၂၃ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ပြန်ကြားရေးတာဝန်ခံနှင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် တာဝန်မှရပ်နားခံရသည့် ရမ်းသစ်ကြီးအုပ်စုအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရန် အတွက် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

ဒေသခံ ၁၇၀ ကျော် လက်မှတ်ရေးထိုးကာ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နေပြည်တော်အထိ စက်တင်ဘာလ ၁၇ ရက်နေ့က တင်ပြတောင်းဆိုထားကြောင်း ရမ်းသစ်ကြီးအုပ်စု၊ စစ်ပြားကျေးရွာဒေသခံ ဦးသန်းဝင်းကပြောသည်။

“အခုဖြစ်တဲ့ပြဿနာက အုပ်စုနဲ့လဲမဆိုင်ဘူး။ ပါတီနဲ့လဲမဆိုင်ဘူး။ သူတို့ပုဂ္ဂိုရေးပြဿနာကို အခြေပြုပြီး အခုလို အုပ်စုမှာ အုပ်ချုပ်ရေးမှူးရာထူးကို ရပ်နားထားတာမဖြစ်သင့်ဘူး။ အုပ်ချုပ်ရေးမှူးကို ပြန်ပြီး ခန့်အပ်ပေးစေ ချင်တယ်” ဟု ၎င်းကဆိုသည်။

ရမ်းသစ်ကြီးကျေးရွာအုပ်စုတွင် စစ်ပြား၊ ရမ်းသစ်ကြီး၊ ရွာမ ကျေးရွာ ၃ ရွာရှိကာ လူဦးရေအားဖြင့် ၃၀၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၃၂/၂၀၂၀ ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၉ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုးကာ တာဝန်မှရပ်ဆိုင်း ခဲ့သည်။

NLD ပါတီမှ စစ်ပြားကျေးရွာတွင် မှတ်ပုံတင်အခမဲ့လုပ်ဆောင်ပေးမည့်အစီအစဉ်အား သြဂုတ်လ ၃၀ ရက်နေ့က သွားရောက်နှိုးဆောင်ခဲ့စဉ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှ ၎င်းအားမကြောင်းမကြားဘဲ လူစုလူဝေး မလုပ်ရန်ဟန့်တားခဲ့ရာမှ NLD ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်နှင့် စကားများရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ NLD ပြန်ကြားရေးတာဝန်ခံအား အုတ်ခဲအပါအဝင် အခြားပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ ခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရန် လာရောက်လုပ်ဆောင်ခဲ့သော်လည်း ဒေသခံများမှ လက်မခံ ခဲ့ကြောင်း ဦးသန်းဝင်းကဆိုသည်။

ယခုကဲ့သို့ Covid-19 ကာလနှင့် ရွေးကောက်ပွဲစတင်မည့်ကာလအတွင်း အုပ်စုအုပ်ချုပ်ရေးမှူးအား ရာထူးမှ ရပ်နားခြင်းသည် အများအကျိုးအတွက်ဆုံးရှုံးမှုရှိပြီး အုပ်စုအတွင်း ညီညွတ်မှုကိုလဲပျက်စီးစေသည်ဟု စစ်ပြား ကျေးရွာမှ ဆယ်အိမ်ခေါင်း ဦးဝင်းမောင်က ထောက်ပြသည်။

“အခုသူတို့ဖြစ်တဲ့ပြဿနာက ပါတီကိုစော်ကားတာလဲမပါဘူး။ အုပ်စုနစ်နာရန်အတွက်လုပ်တာလဲမပါဘူး။ သူတို့အချင်းချင်း ပုဂ္ဂိုလ်ရေးအရ နှစ်ဖက်ဖြစ်တဲ့ပြဿနာကို အုပ်စုတစ်ခုကိုအုပ်ချုပ်နေတဲ့ရာထူးကို ရပ်နားတယ် ဆိုတာ သဘာဝမကျဘူး။ ပြည်သူတွေကလဲ တာဝန်ရပ်နားထားတဲ့အုပ်ချုပ်ရေးမှူးကို ပြန်ခန့်အပ်စေချင် ကြတယ်။ ဒါကို အစိုးရအနေနဲ့ သေချာစီစစ်ပြီး လုပ်ဆောင်သင့်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဒေသခံများ တင်ပြတောင်းဆိုချက်နှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်ထံ DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဖြင့်မေးမြန်းမှုကိုမဖြေကြားနိုင်ကြောင်း ပြောဆိုခဲ့သည်။

တာဝန်ရပ်နားခံထားရသည့် ရမ်းသစ်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ရမ်းဗြဲမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ဦးတင်မြင့်တို့မှာ ရမ်းဗြဲမြို့မရဲစခန်းတွင် အပြန်အလှန်အမှုဖွင့်လှစ်ထားကြသည်။

ဗီဒီယိုများ