ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်နှင့် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်တို့အကြား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက် ၁၀ နာရီမှစတင်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

01 Jan 2022

ပုံစာ - ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့၌ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီမော့ဆိုမြို့မရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ်

DMG ၊ ဇန်နဝါရီ ၁

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်တို့အကြား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက် ၁၀ နာရီမှစတင်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် PDF-ဒီမော့ဆိုပူပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ငွေတောင်ဆည်အနီး ဒီမော့ဆိုမြို့နယ်ရဲစခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှအင်အား ၁၀၀ ကျော်ခန့် လာရောက်အင်အားဖြည့်တင်းမှုများရှိနေကြောင်း PDF-DMO တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။

"ငွေတောင်ဆည်အနီးက မြို့နယ်ရဲစခန်းကိုသွားတိုက်တယ်။ အဲဒီတပ်စွဲထားတဲ့ ခမရ ၄၂၇ တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က အင်အားတစ်ရာလောက်ထပ်ဖြည့်ထားတာသိရပါတယ်"ဟု အဆိုပါတာဝန်ရှိသူမှ ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညနေ ၃ နာရီခွဲအချိန်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အချက်ရေ ၅၀ ထက်မနည်းပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ထိုသို့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် KNDF အဖွဲ့မှ ထိခိုက်မှုများစွာရှိနေပြီး စစ်ကောင်စီတပ်ဘက်မှလဲ အထိအခိုက်အကျအဆုံးရှိနေနိုင်ကြောင်း KNDF မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

"လက်ရှိအခြေအနေအရ တိုက်ပွဲပြင်းထန်တဲ့အတွက် နှစ်ဖက်အထိအခိုက်ကတော့ရှိနေပါတယ်။ ဘယ်လောက်အထိ ကျဆုံးထိခိုက်လဲဆိုတာတော့ မသိရသေးပါဘူး"ဟု ၎င်းမှဆိုသည်။
တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒီမော့ဆိုမြို့နယ်တွင်းနေထိုင်သည့် ဒေသခံအများစုမှာ နီးစပ်ရာတောင်တောင်အတွင်းသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၂၅)ရက်နေ့ကလည်း PDF-ဒီမော့ဆို၊ KGZ တပ်ဖွဲ့တို့မှ ဒီမော့ဆိုမြို့မရဲစခန်းသို့ သွားရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်မှလေးဦးကျဆုံးခဲ့ပြီး PDF-ဒီမော့ဆိုဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗီဒီယိုများ