စစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးခြင်းအပေါ် ဝေဖန်မှုများရှိ

စစ်ကောင်စီက မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ခြောက်လသက်တမ်းတိုးလိုက်ခြင်းအပေါ် ပြည်သူများအကြား ဝေဖန်မှုများရှိနေကြသည်။

01 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီက မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ခြောက်လသက်တမ်းတိုးလိုက်ခြင်းအပေါ် ပြည်သူများအကြား ဝေဖန်မှုများရှိနေကြသည်။

လက်ရှိအခြေအနေတွင် ပြည်သူများ စီးပွားရေးအကျပ်အတည်း၊ ကုန်ဈေးနှုန်းမြင့်မားမှုတို့ကိုခံစားနေရပြီး စစ်အုပ်ချုပ်ကာလကို ထပ်မံသက်တမ်းတိုးလိုက်ခြင်းကြောင့် ပြည်သူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာဦးတည်နေကြောင်း စစ်တွေမြို့ခံ ဦးအောင်သန်းဝေကပြောသည်။

“အာဏာရှင်အုပ်ချုပ်တဲ့စနစ်အောက်မှာ ဘယ်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထုစားဝတ်နေရေး အဆင်ပြေတာမရှိသလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ မျှတတဲ့အကျိုးခံစားခွင့်ရတယ်လို့ မတွေ့ခဲ့ရဖူးဘူး။ ဒါကြောင့် အခုခြောက်လထပ်တိုးတာကိုလည်း ပြည်သူတစ်ယောက်အနေနဲ့လက်မခံပါဘူး”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီလ ၃၁ ရက်)တွင် အရေးပေါ်အခြေအနေကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးများမှာ အဖက်ဖက်မှကျဆင်းလာနိုင်ကြောင်း သုံးသပ်သည်။

“မြန်မာပြည်အခြေအနေက ဆွေးနွေးမှုလမ်းကြောင်းလည်း မရောက်လာ၊ PDF လှုပ်ရှားမှုတွေလည်း ပိုမိုပြင်းထန်လာနိုင်တယ်။ အဲဒါနဲ့အတူ စီးပွားရေး၊ လှုမှုရေး အဖက်ဖက်မှာကျဆင်းလာဖို့ကတော့ သေချာတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၏စီးပွားမှာ ယခင်ကတည်ငြိမ်မှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးကျဆင်းလာနေသည်ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

“၂၀၁၀ နောက်ပိုင်းမှာ နည်းနည်းကောင်းလာမလားလို့ မျှော်လင့်မိခဲ့ပေမယ့် အခုအချိန်မှာ အကုန်ပျက်စီးသွားပြီ။ ဒီတော့ ရှေ့ဆက်ပြီးတော့လည်း ကောင်းလာဖို့မရှိတော့ဘူးလို့ပဲမြင်ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်းမြင့်တက်ခြင်းအပြင် ငွေကြေးဖောင်းပွခြင်းများလည်း ဖြစ်ပေါ်လာသည်။

ပုဏ္ဏားကျွန်းမြို့မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ကိုခိုင်ထွန်းအောင်က “အာဏာမသိမ်းခင်တုန်းကဆိုရင် တစ်ရက်ကို တစ်သောင်းခွဲလောက်ရရင် အဆင်ပြေတယ်။ အခုနောက်ပိုင်းက တစ်ရက်ကိုတစ်သောင်းခွဲရလည်း ဆီးဖိုးကလည်းဈေးတက်၊ ကုန်ဈေးနှုန်းကလည်းတက်နေတော့ အဆင်မပြေတော့ဘူး”ဟု ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က နိုင်ငံတော် အာဏာကိုသိမ်းယူခဲ့စဉ် တစ်နှစ်ပြည့်ချိန်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟု ပြောကြားခဲ့သည်။

ဗီဒီယိုများ