တပ်မတော်စစ်ကြောင်းက ဖမ်းထားသည့် ကျောက်တော်ဒေသခံများ ပြန်လွှတ်လာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထားသည့် ဒေသခံ ၁၁ ဦးမှာ ယနေ့ (စက်တင်ဘာ ၂၄ ရက်)နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပြီဖြစ်‌ကြောင်း ဒေသခံများထံမှသိရသည်။

24 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၂၄ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထားသည့် ဒေသခံ ၁၁ ဦးမှာ ယနေ့ (စက်တင်ဘာ ၂၄ ရက်)နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပြီဖြစ်‌ကြောင်း ဒေသခံများထံမှသိရသည်။

လွတ်မြောက်လာသူများမှာ ကျောင်းဆရာ ဦးမောင်မောင်ဦး(၂၅)နှစ်၊ ဦးင/ညီး(၃၂)နှစ်၊ ဦးမောင်ဘဦး(၄၂)နှစ်၊ ဦးမောင်မောင်ညွှန့်(၄၈)နှစ်၊ ဦးထွန်းစိန်(၅၉)နှစ်၊ ဦးမောင်မောင်ဝင်း(၃၇)နှစ်၊ မောင်ရန်နိုင်စိုး(၁၆)နှစ်၊ ဦးအောင်ခိုင်စိုး(၃၅)နှစ်နှင့် ဦးမောင်သန်းမြင့်(၂၇)နှစ်တို့ဖြစ်ကြောင်း သရက်တပင်ကျေးရွာမှ ရပ်/ကျေးစာရေး ဦးမောင်ညွှန့်ကပြောသည်။

“သူတို့ကို ရပ်မိရပ်ဖတွေနဲ့ လက်မှတ်ထိုးရမယ်ဆိုပြီး အကြောင်းကြားလာလို့ ဒီနေ့မနက်ပိုင်းက သွားလိုက်ကြတယ်။ အခုတော့ သူတို့ကားနဲ့ရွာကိုလာနေကြပြီ။ သရက်တပင်က ၉ ယောက်၊ အခြားရွာက ၂ ယောက် ပါတယ်။ အခုလို ပြန်လွှတ်လာတော့ဝမ်းသာပါတယ်”ဟု ၎င်းကဆိုသည်။

တပ်မတော်စစ်ကြောင်းသည် ယမန်နေ့က သရက်တပင်ကျေးရွာအတွင်းသို့ ဖြန့်ကြန့်ဝင်ရောက်လာပြီး စစ်ကြောင်းသွားရာလမ်းကြောင်း၌ တွေ့ရှိသည့် ကျေးရွာသား (၂၀) ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာရှိ ကျေးလက်ကျန်းမာ‌ရေးဆေး‌ပေးခန်း ခြံဝင်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ထိုသို့ဖမ်းဆီးထားရာ ညနေပိုင်းအချိန်၌ စစ်ကြောင်းပြန်စဉ် ဖမ်းဆီးထားသူ ၉ ဦးအားပြန်လွှတ်ခဲ့ကာ ကျန်ရှိသူများကို အဆိုပါကျေးရွာနှင့် ၁ မိုင်ခန့်ကွာဝေးသည့် ဒေါင်းတော်ယိုးကျေးရွာအနီးရှိ တပ်ရင်း ၃၇၆ သို့ ခေါ်ဆောင်သွားကြောင်း ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

“ကျနော်တို့ကို AA နဲ့ဆက်စပ်လားဆိုပြီးတော့ မေးပါတယ်။ မျက်နှာကိုလည်း လက်သီးနဲ့ထိုးတယ်။ ကျနော့်မျက်နှာဆိုရင် အကုန်လုံးရောင်းရမ်းနေပါတယ်။ မနေ့က ထမင်းလည်းမစားခဲ့ပါဘူး၊ ရေလည်းမသောက်ခဲ့ ရပါဘူး” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ယနေ့လွတ်မြောက်လာသူ ၁၁ ဦးလုံးမှာ ရိုက်နှက်ခံခဲ့ရသဖြင့် မျက်နှာ၊ခြေထောက်တို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်းကို ပြောဆိုကြသော်လည်း အသေးစိတ်ကိုပြောလျှင် ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အသေးစိတ်ကိုပြောရန် ငြင်းဆိုကြသည်။

သရက်တပင်ကျေးရွာသူ/သားများမှာ ယခုကဲ့သို့ ကျေးရွာသားများ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

ဗီဒီယိုများ