မြောက်ဦးမှ ပျောက်ဆုံးနေသည့် လင်မယားနှစ်ဦးကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး

မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်ရှိသည့် လင်မယားနှစ်ဦးတို့မှာ ဟင်းရှာ၊ ထင်းခွေသွားရာမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း ၎င်းကျေးရွာမှ ဒေသခံများက ပြောသည်။

By နှင်းနွယ် 18 Jun 2020

နှင်းနွယ် | DMG
ဇွန် ၁၈ ၊ မြောက်ဦး

မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်ရှိသည့် လင်မယားနှစ်ဦးတို့မှာ ဟင်းရှာ၊ ထင်းခွေသွားရာမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း ၎င်းကျေးရွာမှ ဒေသခံများက ပြောသည်။

ရွှေကျင်ပြင်ကျေးရွာမှ ဦးမျိုးနိုင်၊ ၄၀ နှစ်နှင့် ဒေါ်မေလှရီ၊ ၃၈ နှစ်တို့မှာ ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းအချိန်တွင် စက်လှေဖြင့် ဟင်းရှာ၊ထင်းခွေသွားရာမှ ပျောက်ဆုံးသွားခဲ့ကာ သုံးရက်ကြာသည့်အထိ ၎င်းတို့သတင်းအား တစ်စုံတစ်ရာမရရှိသေးကြောင်း ရွှေကျင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇံက DMG သို့ပြောသည်။

“ဘယ်အဖွဲ့ကဖမ်းသွားလဲဆိုတာကို အတည်ပြု မပြောနိုင်သေးဘူး။ တိမ်ညိုဘက်က သတင်းလာပေးတာကတော့ သူတို့လင်မယားကို တပ်မတော်စစ်ကြောင်းက ဖမ်းသွားတာကို မြင်လိုက်တယ်ဆိုပြီး ကျနော်တို့ကို အကြောင်း ကြားလာတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့လင်မယားနှစ်ဦးအား မြန်မာ့တပ်မတော် ခမရ(၈)မှ ပေါက်တောပြင်ကျေးရွာအနီးရှိ သင်းကျစ်တောင် ဘုရားတောင်ပေါ်သို့ ကြိုးတုပ်ကာဖမ်းဆီးသွားသည်ကိုတွေ့မြင်လိုက်ကြောင်း လုံခြုံရေးအရ အမည်မဖော် လိုသည့် မျက်မြင်တစ်ဦးကပြောသည်။

“သူတို့လင်မယားက စက်လှေနဲ့လာတာကို တိမ်ညိုနားမှာနားနေတဲ့ တပ်မတော်စစ်ကြောင်းက တားပြီးတော့ ဖမ်းထားလိုက်တာ၊ အဲဒီတပ်မတော်စစ်ကြောင်းဟာ သင်းကျစ်တောင်ဘက်ကနေ အခုထိ ထွက်မလာကြ သေးဘူး” ဟု မျက်မြင်ဒေသခံက ပြောသည်။

ပျောက်ဆုံးနေသည့် လင်မယားနှစ်ဦးတွင် သား၊ သမီး ၄ ဦးရှိပြီး မိသားစုဝင်များမှာလည်း ၎င်းတို့ပျောက်ဆုံး နေသဖြင့် နီးစပ်ရာနေရာများတွင် ရှာဖွေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့နယ်မှ လင်မယားနှစ်ဦးကို တပ်မတော်စစ်ကြောင်းမှဖမ်းဆီးသွားသည်ဆိုသည့်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်အမျိုးသမီးကွန်ယက်မှ ဥက္ကဋ္ဌ ဒေါ်ညိုအေးက ယခုကဲ့သို့ အမျိုးသမီးများကို အကြောင်းမဲ့ဖမ်းဆီးမှုများမှာ လက်ခံနိုင်စရာမရှိဟု ဆိုသည်။

“အခုလို အမျိုးသမီးတွေပါ အကြောင်းမဲ့ဖမ်းလာတာကိုတော့ ကျမတို့အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကို ဖမ်းမယ်ဆိုရင်တောင် ဘာပြစ်မှုနဲ့ ဘာကြောင့်ဖမ်းတယ်ဆိုတာကို မိသားစုတွေကို အကြောင်းကြားပေး သင့်တယ်” ဟု ဒေါ်ညိုအေးကဆိုသည်။

ထို့ပြင် အမျိုးသမီးများသံသယဖြင့် ဖမ်းဆီးခံရမှုများမှာ တရားဥပဒေစိုးမိုးမှု အားနည်းလာခြင်းကြောင့်ဟုလည်း ဒေါ်ညိုအေးက ဆက်၍ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဒေါ်မသန်းအသက်(၄၂)နှစ်အား AA နှင့်ဆက်စပ်သည်ဆိုကာ တပ်မတော်၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ မေလ(၁၆)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
တိုက်ပွဲကာလအတွင်းတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အခက်အခဲများကို အများဆုံး ရင်ဆိုင်ကြရသူများ ဖြစ်ကြသည်။

ဗီဒီယိုများ