အာဏာသိမ်းမှုဆန့်ကျင်ရေးကိစ္စများတွင် မပါဝင်ကြရန် ကျောက်တော်ဒေသခံများကို စစ်ကောင်စီသတိပေး

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခြင်းလှုပ်ရှားမှုအဖြစ် “အသံတိတ်သပိတ်” နှင့် “လက်ခုတ်တီးသပိတ်”များကိုဆင်နွှဲရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းဆော်သြလျက်ရှိရာ ထိုသို့လှုပ်ရှားမှုများတွင်မပါဝင်ကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးထားသည်။

By DMG 29 Jan 2022

 မောင်တောမြို့တွင် လက်ကမ်းစာစောင်ဖြန့်ဝေနေမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့ကတွေ့ရစဉ်။ (ဓာတ်ပုံ - We Love Maungdaw Facebook Page)

DMG ၊ ဇန်နဝါရီ ၂၉

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခြင်းလှုပ်ရှားမှုအဖြစ် “အသံတိတ်သပိတ်” နှင့် “လက်ခုတ်တီးသပိတ်”များကိုဆင်နွှဲရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းဆော်သြလျက်ရှိရာ ထိုသို့လှုပ်ရှားမှုများတွင်မပါဝင်ကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးထားသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့(ဇန်နဝါရီလ ၂၈ ရက်) နေ့လည် ၂ နာရီအချိန်ခန့်က ကျောက်တော်မြို့တွင် လမ်းသွား၊လမ်းလာဒေသခံများကို ထိုသို့သတိပေးစာများဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ကမ်းစာစောင်များတွင် NUG, PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် အကြမ်းဖက်မှုများပြုလုပ်လျက်ရှိသည်ဟုလည်း ဝါဒဖြန့်ရေးထားသည်ကို တွေ့ရသည်။

ထိုသို့ စစ်အာဏာသိမ်းမှုလုပ်ရှားမှုတွင် တစ်နည်းနည်းဖြင့်ပါဝင်ပတ်သက်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)နှင့် ၅၀၅ စသည့် ပုဒ်မများနှင့် အရေးယူမည်ဟုလည်းဖြန့်ဝေသည့်စာများတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ထိုသို့လှုပ်ရှားမှုများတွင်မပါဝင်ကြရန် သတိပေးရေးထားသည်ကိုတွေ့ရသည်။

ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ခြင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းမရှိသော်လည်း စစ်ကောင်စီက ယခုကဲ့သို့သတိပေးစာများ ဖြန့်ဝေနေခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ဒေသသည် တည်ငြိမ်အေးချမ်းနေသည့်အခြေအနေတွင်ရှိသောကြောင့် အထိတ်တလန့်ဖြစ်စေနိုင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေမှုမလုပ်သင့်ဟု ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက DMG သို့ပြောဆိုသည်။

“ရခိုင်ပြည်က ရက္ခိုင့်တပ်တော်ရဲ့အုပ်ချူပ်မှုအောက်မှာရှိနေတယ်လို့ပြောလို့ရတယ်။ CRPH, NUG, PDF စတဲ့အဖွဲ့စည်းတွေနဲ့ ပတ်သက်ဆက်နွယ်စရာ အကြောင်းတော့ရှိမယ်မထင်ဘူး။ လက်ကမ်းစာစောင် ဖြန့်ဝေတာက ပြည်သူတွေကိုအထိတ်တလန့်ဖြစ်စေတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလားတူလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့က မောင်တောမြို့တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့”ဟု အမည်ပေးထားသည့် စစ်အာဏာလှုပ်ရှားမှုတွင် တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ်နှင့် လက်ခုတ်တီးသပိတ်တို့ပါဝင်ပြီး လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည်ဟု အာဏာသိမ်းမှုဆန့်ကျင်သူများက နှိုးဆော်ထားကြသည်။

ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) မရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဒေသခံ ၈ ဦးကို ဖမ်းဆီးအမှုဖွင့်ထားသည်။

ဗီဒီယိုများ