တပ်ကဖမ်းထားသည့် မြောက်ဦးမှ ဆရာတော်တစ်ပါးနှင့် လူနှစ်ဦးတို့ကို တစ်လကျော်ကြာသော်လည်း မိသားစု တွေ့ခွင့်မရ

တပ်မတော်ကဖမ်းဆီးထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒဦးကဝိဓဇ၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ယာဉ်မောင်း ဦးမောင်သာစိန်တို့ကို တစ်လကျော်ကြာသည်အထိ မိသားစုမှတွေ့ခွင့်မရသဖြင့် ၎င်းတို့အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

10 Nov 2019

ခိုင်ရိုးလ | DMG

နိုဝင်ဘာ ၁၀ ၊ မြောက်ဦး

တပ်မတော်ကဖမ်းဆီးထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒဦးကဝိဓဇ၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ယာဉ်မောင်း ဦးမောင်သာစိန်တို့ကို တစ်လကျော်ကြာသည်အထိ မိသားစုမှတွေ့ခွင့်မရသဖြင့် ၎င်းတို့အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

၎င်းတို့သုံးဦးသည် စက်တင်ဘာလ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် လင်းမြွှေတောင်အနီးတွင် ကားဖြင့် သွားစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးခံခဲ့ရပြီးနောက်မှ ယနေ့အချိန်ထိ အချိန်တစ်လကျော်ကြာသော်လည်း တွေ့ခွင့်မရသဖြင့် မိသားစုမှ ၎င်းတို့သုံးဦးအတွက် စိုးရိမ်နေကြသည်။

“အခုခါတော့ တစ်လကျော်ရှိလာပြီ။ သတင်းတွေမကြားရသေးဘူး။ ရိုက်နှက်နှိပ်စက်ပြီး မတော်တဆသေဆုံး သွားပြီးလား။ ဘယ်လိုပုံစံရှိနေမလဲဆိုတာကို အရမ်းစိုးရိမ်မိပါတယ်။ (ဦဇင်း)ရှိတဲ့နေရာကို အတိကျသိရပြီး သွားတွေ့ခွင့်ရစေချင်တာပါ” ဟု ဆရာတော်၏ညီမတော်စပ်သူ မဆန်းနွယ်ကပြောသည်။

တပ်မတော်ကဖမ်းဆီးထားသည့် ဆရာတော်အပါအဝင် ၃ ဦးအား စစ်ဆေးနေကြောင်းနှင့် ၎င်းတို့ ၃ ဦးထဲတွင် အေအေတပ်ဖွဲ့ဝင်တစ်ဦးပါဝင်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က တပ်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“လင်းမြွေတောင်နားမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ဆိုင်ကယ်နှစ်စီးတွေ့တယ်။ ဆိုင်ကယ်နားမှာ မိုင်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေတွေ့တယ်။ မကြာခင်အတောအတွင်းမှာပဲ ဆရာတော်ရယ်၊ လူနှစ်ယောက်ရယ် ရောက်လာတယ်။ အဲဒီပစ္စည်းတွေကိုလာကြည့်တာရှိတယ်။ အဲဒီနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးစစ်ဆေးတယ်။ ဖမ်းဆီးစစ်ဆေးတဲ့အထဲမှာ တစ်ဦးသည် အေအေတပ်ဖွဲ့ဝင်ဖြစ်တယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို DMG က ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ယင်းသို့ဖမ်းဆီးခံထားရသူများကို မိသားစုနှင့်အမြန်ဆုံးတွေ့ခွင့်ပေးသင့်ကြောင်း အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတော်စပ်သူ ဦးစံသိန်းအောင်က ပြောသည်။

“သူတို့တွေနဲ့ ဘာမှအဆက်သွယ်မရသေးပါဘူး။ စစ်ဆေးနေတယ်လို့သာ သတင်းကြားရတယ်။ သက်ဆိုင်ရာက မိသားစုတွေအနေနဲ့ ဘယ်နေရာမှာရှိတယ်ဆိုတာကို ပြောသင့်တယ်။ တွေ့ခွင့်လည်း ပေးသင့်တယ်။ အခုက ဘာမှအစနမရဘူးဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

၎င်းတို့ဖမ်းဆီးခံထားရမှုအား မိသားစုဝင်များကိုယ်စား မြောက်ဦးမြို့ မြို့ဦးဂေါင်းဆရာတော်မှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဒေသကွပ်ကဲရေးဌာနတို့ဆီ စာဖြင့်မေးမြန်းခဲ့ရာ ၎င်းဖမ်းဆီးထားသူများသည် စစ်တွေမြို့တွင် ကျန်းမာစွာရှိနေကာ မကြာမီတွင် တွေ့ရမည်ဟု ဝန်ကြီးချုပ်ဦးညီပုက အကြောင်းပြန်ခဲ့ကြောင်း မြို့ဦးဂေါင်းဆရာတော်မှ မိန့်သည်။

ယင်းနောက်ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် မြို့ဦးဂေါင်းဆရာတော်မှ သွားတွေ့ခဲ့စဉ် ၎င်းတို့နှင့်တွေ့ရန်အတွက် အချိန်တစ်ပတ်ခန့် စောင့်ကြည့်ရန်ပြောလိုက်ကြောင်း ဆရာတော်ကမိန့်သည်။

“နယ်လုံဝန်ကြီးကို ပထမတစ်ခေါက်သွားတွေ့တော့ တစ်ပတ် ၁၀ ရက်လောက်စောင့်ပါအုံးပြောတယ်။ နောက်ဒီ အပတ် တနင်္လာနေ့က တစ်ခေါက်ဖုန်းဆက်ကြည့်တော့ နယ်လုံဝန်ကြီးက တွေ့ခွင့်မရသေးဘူး။ အဆင်မပြေ သေးဘူးလို့ အကြောင်းပြန်တယ် ” ဟု နယ်လုံဝန်ကြီးပြောကြားချက်ကို မြို့ဦးဂေါင်းဆရာတော်က မိန့်သည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို တပ်မတော်မှ သံသယဖြင့်ဖမ်းဆီးစစ်ဆေးရာတွင် စစ်ကြောရေး ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုများလည်းရှိခဲ့သည်။

ဗီဒီယိုများ