အနံ့ဆိုးထွက်သဖြင့် ငါးမုန့်ကြိတ်စက်ရုံကို ပိတ်ပေးရန် ဒေသခံများလိုလား

ကျောက်ဖြူမြို့နယ်အတွင်းရှိ ငါးမုန့်ကြိတ်စက်ရုံမှထွက်သည့် အနံ့ဆိုးများကိုရှူမိခြင်းကြောင့် ကျေးရွာသားများမှာ အသက်ရှူကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းနှင့် ရင်ပြည့်ခြင်းများ ဖြစ်ပွားနေရခြင်းတို့ကြောင့် အဆိုပါစက်ရုံအား ပိတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

14 Nov 2019

(ကျောက်မီးသွေးနှင့် လည်ပတ်မည့်အနေအထားကို တွေ့ရှိရသဖြင့် ဌာနဆိုင်ရာများနှင့် လွှတ်တော်အမတ်များ သြဂုတ်လ ၁ ရက်နေ့က စက်ရုံကို သွားရောက်စစ်ဆေးခဲ့ကြသည်။ ဓာတ်ပုံ - ဦးဖိုးစံ)

ခိုင်မင်း(ကျောက်ဖြူ) | DMG
နိုဝင်ဘာ ၁၄ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကင်းပင်လယ်နားကျေးရွာတွင် ငါးအမှုန့်ကြိတ်စက်ရုံ တစ်ရုံကို ပြီးခဲ့သည့် အောက်တိုဘာအတွင်းက စတင်လည်ပတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းစက်ရုံမှာ ကျောက်မီးသွေးကို အသုံးပြုနေသည်ဟု ဒေသခံများက သံသယဖြစ်ပွားနေကြကာ စက်ရုံလည်ပတ်ပြီး များမကြာမီတွင် အနံ့အသက်ဆိုးများ ထွက်ပေါ်လာခြင်းကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ ကျန်းမာရေးထိခိုက်လာရကြောင်း ပြောဆိုကြသည်။

စက်ရုံမှထွက်သည့်အနံ့ဆိုးများကို ရှူမိခြင်းကြောင့် ကျေးရွာသားများမှာ အသက်ရှူကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းနှင့် ရင်ပြည့်ခြင်းများ ဖြစ်ပွားနေရခြင်းတို့ကြောင့် အဆိုပါစက်ရုံအား ပိတ်ပေးရန် ဒေသခံများက တောင်းဆိုကြသည်။

“ဒီမကောင်းတဲ့ အနံ့ဆိုးတွေရှိနေသမျှ စိတ်ချမ်းသာမှုမရှိတော့ဘူး။ ဒီစက်ရုံမရှိရင် အကောင်းဆုံးပဲလို့ ဦးလေးတို့ထင်တယ်။ ကောင်းကျိုးပေးတဲ့လုပ်ငန်း မဟုတ်တာကြောင့် ဆက်ပြီး ရေရှည်မှာ ဒီလိုဖြစ်နေမယ်ဆိုရင် ဦးလေးတို့ ဌာနဆိုင်ရာတွေကို တိုင်ကြားသွားဖို့ အစီအစဉ်ရှိတယ်” ဟု ကင်းပင်လယ်နားကျေးရွာမှ ဦးဘအေးက ပြောသည်။

စက်ရုံမှထွက်ရှိသော အနံ့ဆိုးများ၏ဒဏ်ကို ချောင်းတစ်ဖက်ခြမ်းတွင်ရှိသည့် လေးတောင်မြို့မှဒေသခံများလည်း ခံစားနေကြရသည်။ ၎င်းစက်ရုံမှ ညှော်နံ့နှင့် အပုတ်နံ့များ ထွက်ရှိနေသည်ကို ခံစားရကြောင်း လေးတောင်မြို့သပြေဆိပ်ရပ်ကွက်မှ ဦးကိုလေးက ဆိုသည်။

အဆိုပါ ငါးမုန့်ကြိတ်စက်ရုံတွင် ဒေသခံလုပ်သား ၂၀ ဦးခန့် အလုပ်ဝင်ရောက်လုပ်ကိုင်နေပြီး အချို့မိန်းကလေးလုပ်သားများမှာ ဝမ်းပျက်ဝမ်းလျောများဖြစ်ပေါ်ခဲ့ကြောင်း ဦးကိုလေးကပြောသည်။

“အနံ့ကတော့ ညှော်နံ့တအားကြီးနံတယ်၊ စက်ရုံက အပုတ်နံလည်းနံ့တယ်၊ တစ်နေ့တော့ ကျနော်တို့ဆီက အလုပ်သမားမိန်းကလေးတွေ ဝမ်းပြည့်၊ ဝမ်းရောင်ဖြစ်ပြီးတော့ ဝမ်းသွားကြတယ်။ ဒီအပုတ်နံ့နဲ့ ညှော်နံ့ကို တအားခံစားရမယ်ဆိုတော့ ကျနော်တို့ကတော့ ရောဂါရတော့မှာပဲ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ စက်ရုံလည်ပတ်ပြီး လပိုင်းအကြာတွင် ဒေသခံများဆိုးကျိုးခံစားလာရသည်မှာ သက်ဆိုင်ရာဌာနများ၏ တာဝန်ယူမှုအားနည်းချက်ကြောင့်ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)၏ ရခိုင်ပြည်နယ်တာဝန်ခံ ကိုစိုးရွှေက ထောက်ပြသည်။

စက်ရုံအား ရေရှည်လည်ပတ်မည်ဆိုပါက ဒေသခံများအတွက် မမျှော်မှန်းနိုင်သည့် ထိခိုက်နစ်နာမှုများ ရှိလာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ပြည်သူလူထုတွေ နေထိုင်လို့မရနိုင်လောက်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်ဆိုတာသည် တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ တအားကို အားနည်းတာပေါ့နော်၊ ဒီကျောက်ဖြူမှာရှိနေတဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်အဆင့် ခရိုင်အဆင့် နောက်တစ်ခုက ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ကော ဒီဟာတွေအတွက် ဘာမှ တာဝန်ယူဖြေရှင်းပေးတာမျိုး မတွေ့ရသေးဘူးပေါ့နော်။ သူတို့နဲ့မဆိုင်သလို သူတို့မသိသလို ဒီလိုမျိုးပဲဖြစ်နေတဲ့ အခြေအနေမျိုးကို တွေ့နေရတယ်” ဟု ကိုစိုးရွှေက ပြောသည်။

ထို့အပြင် ငါးမုန့်ကြိတ်စက်ရုံမှထွက်ရှိသော စွန့်ပစ်အညစ်အကြေးများကိုလည်း  ကင်းချောင်းအတွင်းသို့ စွန့်ပစ်မှုများရှိနေသဖြင့် ချောင်းအတွင် လုပ်ကိုင်စားသောက်နေသည့် ရေလုပ်သားများအပေါ် ထိခိုက်လာနိုင်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ယခုကဲ့သို့ ဒေသခံများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ယင်းစက်ရုံအား ဒေါ်ယုယုနွယ်အမည်ဖြင့် ပိုင်ဆိုင်ထားကြောင်းသိရပြီး တရုတ်နိုင်ငံသားများလည်း ၎င်းစက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံသည် ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့မှလည်း ခွင့်ပြုထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးကျော်လွင်က ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြည်နယ်လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းအပြင် ဒေသပတ်ဝန်းကျင် ကျန်းမာရေးထိခိုက်မည့် ကိစ္စများအား ဌာနအနေဖြင့်သော်လည်းကောင်း၊ အစိုးရအနေဖြင့်သော်လည်းကောင်း လုံးဝခွင့်ပြုပေးသွားမည် မဟုတ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။

သို့သော် လက်ရှိမှာ ၎င်းစက်ရုံလည်ပတ်နေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ကာ စက်ရုံမှ အနံ့ဆိုးများလည်း ထွက်ရှိကြောင်း ဒေသခံများပြောဆိုနေကြပြီဖြစ်သည်။

၎င်းစက်ရုံတွင် ကျောက်မီးသွေးနှင့် လည်ပတ်မည့်အနေအထားကို တွေ့ရှိရသဖြင့် သြဂုတ်လ ၁ ရက်နေ့က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်စစ်ဆေးခဲ့ကာ ကျောက်မီးသွေးအစား အခြားလောင်စာကို အသုံးပြုလည်ပတ်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။

လက်ရှိ စက်ရုံလည်ပတ်နေသည်မှာ သက်ဆိုင်ရာညွှန်ကြားချက်အတိုင်း လိုက်နာမှုရှိ၊ မရှိနှင့် ဒေသခံများပြောဆိုသည့် အနံ့ဆိုးများသည် မည်သည့်အကြောင်းကြောင့် ထွက်ရှိသည်ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်နေသည်။

အဆိုပါငါးမုန့်ကြိတ်စက်ရုံ အနီးပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း ၁၀ ရွာခန့်ရှိကာ အနံ့ဆိုးထွက်ရှိမှုကြောင့် ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုများထိ ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဗီဒီယိုများ