ရခိုင်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးမှု ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွား

ကုန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ယခုနှစ်နွေစပါးစိုက်ပျိုးမှုမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

23 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၃

ကုန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ယခုနှစ်နွေစပါးစိုက်ပျိုးမှုမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

စစ်တပ်မှအာဏာမသိမ်းမီ နှစ်အနည်းငယ်ခန့်က ရခိုင်တွင် တစ်နှစ်လျှင် နွေစပါးဧက ၁၅၀၀ ဝန်းကျင်ခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ယင်းနောက် တစ်နှစ်ထက်တစ်နှစ် နွေစပါးစိုက်ပျိုးမှုဒကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က နွေစပါးဧက ၅၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်ဧက ၂၀၀ ဝန်းကျင်ခန့်သာ စိုက်ပျိုးနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိစာရင်းအရ သိရသည်။

စစ်ကောင်စီလက်ထက်တွင် လယ်ယာမြေ၌ အဓိကအသုံးပြုသော ဓာတ်မြေသြဇာဈေးမှာ အဆမတန်မြင့်တက်ခြင်း၊ စက်သုံးဆီဈေးမြင့်တက်ခြင်း၊ ရေအခက်အခဲရှိခြင်းတို့ကြောင့် နွေစပါးစိုက်ပျိုးဧက နည်းပါးလာခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအသင်း ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“ဒီနှစ်အတိုင်းအတာနဲ့ဆိုရင် နွေစပါးစိုက်ပျိုးမှုက ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ပြောရမယ်။ ပုံမှန်အားဖြင့် ဧကတစ်ထောင်လောက်စိုက်ပျိုးနေတာကနေ ဧက ၂၀၀ ဝန်း ကျင်လောက်သာဆိုတာက ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ပြောရမယ်။ ၂၀၂၀ ခုနှစ်ကဆိုရင် ဧက ၁၀၀၀ ဝန်းကျင်လောက်ရှိတယ်။ အဲဒီမတိုင်ခင်နှစ်တွေကဆိုရင် ၁၅၀၀ ဝန်းကျင်လောက်ရှိခဲ့တယ်“ဟု ၎င်းကဆိုသည်။

တခြားတိုင်းဒေသကြီးများတွင် နွေစပါးစိုက်ပျိုးမှုကိုမြင့်တင်နေချိန် ရခိုင်ပြည်ဘက်တွင် ၎င်းအခွင့်အရေးအားကင်းမဲ့နေသကဲ့သို့ အစိုးရအနေဖြင့်လည်း လယ်သမားများ၏အခက်အခဲကို မျက်ကွယ်ပြုထားသည်ဟု ဦးကျော်ဇံကဆက်ပြောသည်။

နွေစပါးစိုက်ပျိုးမှုနည်းလာခြင်းမှာ လယ်သမားများ၏ ဝင်ငွေနည်းပါးခြင်းကိုဖြစ်ပေါ်စေသလို နွေစပါးစိုက်ပျိုးမှုတွင်ကျယ်လာပါက လယ်သမားများအနေဖြင့် ဝင်ငွေကောင်းများရရှိနိုင်ခြင်းနှင့် အလုပ်အကိုင်အခွင့်လမ်းများရရှိနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဓာတ်မြေသြဇာတစ်အိတ်ကို လေးသောင်းခန့်သာရှိသော်လည်း ယခုအခါ ဓာတ်မြေသြဇာတစ်အိတ်ကို တစ်သိန်းခန့်ရှိနေသည်ဟု လယ်သမားများကပြောဆိုကြသည်။

ကုန်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်နေသည့်အတွက် ယခုနှစ်တွင် နွေစပါးစိုက်ပျိုးမည့်အစီစဉ်ကို ဖျက်သိမ်းခဲ့ရသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီတောင်သူလယ်သမားများ ဖွံဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်ကပြောသည်။

“ကျနော်တို့နွေစပါးစိုက်ပျိုးဖို့အတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ ကုန်ကျစရိတ်နဲ့ ရတဲ့စပါးကာမိမှာမဟုတ်တဲ့အတွက် မစိုက်ပျိုးခဲ့ဘူး။ အဓိကတော့ ဓာတ်မြေသြဇာဈေးနှုန်းမြင့်တယ်။ စက်သုံးဆီတွေဈေးနှုန်းမြင့်တက်နေတဲ့အတွက် မစိုက်ပျိုးနိုင်ဘူး။ အခုဆိုရင် ဓာတ်မြေသြဇာတစ်အိတ်ကို ၉ သောင်းနဲ့ တစ်သိန်းကြားမှာရှိတယ်။ အကျိုးအမြတ်မရှိဘူး။ အဲဒီလိုအကျိုးအမြတ်မရှိရင်လည်း ကျနော်တို့လယ်သမားတွေမှာ စိတ်ဝင်စားမှုအားနည်းစေပါတယ်”ဟု ၎င်းကဆိုသည်။

နွေစပါးစိုက်ပျိုးရန် အဓိကအသုံးပြုရသည့် ဓာတ်မြေသြဇာဈေးများမြင့်တက်နေခြင်း၊ ထွန်ယက်ရန်အတွက် ဆီဈေးနှုန်းများမြင့်တက်နေခြင်းတို့မှာ လယ်သမားများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း လယ်သမားများက ပြောဆိုထားကြသည်။
ကျောက်တော်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရန် ဆည်မြောင်းများရှိသော်လည်း ငွေအရင်းအနှီးမရှိသည့်အတွက် နွေစပါးစိုက်ပျိုးသူ မရှိသလောက်နည်းပါးသည်ဟု ဒေသခံများထံမှသိရသည်။

နွေစပါးစိုက်ပျိုးထားသည့် ကျောက်တော်မြို့မှ လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်ထွီးက အစိုးရဆီမှ ဓာတ်မြေသြဇာအိတ် ၁၀၀ ခန့် တစ်အိတ်ကို ငွေလေးသောင်းနှုန်းနှင့် ရရှိထားသည့်အတွက် နွေစပါးလယ်ဧက ၁၀၀ ခန့်စိုက်ပျိုးနိုင်သည်ဟုဆိုသည်။

“ကျောက်တော်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်လောက်သည့် ဆည်မြောင်းရေတွေရှိပေမဲ့ နွေစပါးမစိုက်ပျိုးကြဘူး။ ကျနော်တို့မှာအစိုးရဆီက ဓာတ်မြေသြဇာ ၄ သောင်းဈေးနဲ့ အိတ် ၁၀၀ ရထားတဲ့အတွက် စိုက်ပျိုးနိုင်တယ်။ အကျိုးအမြတ်မရရင်တောင် အရှုံးမပေါ်ရင်ရပြီ။ အပြင်ကဓာတ်မြေသြဇာတွေဝယ်ပြီး စိုက်ပျိုးရမယ်ဆိုရင်တော့ အခုလိုလယ်ဧကအများကြီးစိုက်ပျိုးနိုင်မှာ မဟုတ်ဘူး။ ရခိုင်ကလယ်သမားတွေ နွေစပါးကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ဖို့အတွက် ဓာတ်မြေသြဇာဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးရမယ်“ဟု ၎င်းကဆိုသည်။

နွေစပါးစိုက်ပျိုးသည့် တောင်သူများအဆင်ပြေစေရန် ဓာတ်မြေသြဇာတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀ ဝန်းကျင်လောက်ဖြင့် ဖြန့်ဖြူးပေးကြောင်း ကူညီဆောင်ရွက်ပေးထားသည်ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှသိင်္ဂီ ကပြောသည်။

“လယ်သမားတွေ အဆင်ပြေအောင်အတွက် မြန်မာနိုင်ငံထွက် ယူရီးယားဓာတ်မြေသြဇာတွေကို မြို့နယ်အလိုက် တောင်သူတွေကို ဖြန့်ဖြူးပေးနေပါတယ်။ ဓာတ်မြေသြဇာတစ်အိတ်ကို အကြမ်းဖျင်းလေးသောင်းဝန်းကျင်လောက်နဲ့ ဖြန့်ဖြူးပေးနေတာပါ။ အရင်နှစ်ကထက် ဒီနှစ်မှာ နွေစပါးစိုက်ပျိုးမှု ဧကပိုပြီးတော့များလာပါတယ်”ဟု ၎င်းကဆိုသည်။

အစိုးရမှတ်တမ်းနှင့် မြေပြင်တွင် စိုက်ပျိုးကြသည့် နွေစပါးဧက စာရင်းမှာ ကွဲလွဲမှုများရှိနေသည်ဟုလည်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအသင်း ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ယခုနှစ်နွေစပါး စိုက်ပျိုးထားသည့်ဧက ၆၁၄ ဧကရှိပြီး ကျောက်တော်မြို့နယ်တွင် ၄၅၂ ဧက၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၆၁ ဧက၊ မြောက်ဦးမြို့နယ်တွင် ၆၄ ဧကနှင့် ဘူးသီးတောင်၊ အမ်းစသည်တို့တွင် အသီးသီးစိုက်ပျိုးထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် နွေစပါးစိုက်ပျိုးရန်ဧက ၈ သိန်းခွဲရှိပြီး ကျောက်တော်၊ သံတွဲ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင် ၊ပုဏ္ဏားကျွန်း စသည့်မြို့နယ်တို့တွင် နွေစပါးကို အဓိကစိုက်ပျိုးနေကြခြင်းဖြစ်သည်။

ဗီဒီယိုများ