ရခိုင်က ပြည်သူများထံတွင် ကိုဗစ်ရောဂါပိုးရှိ/မရှိ ရှောင်တခင် စစ်ဆေးမှုများရှိနေ

ရခိုင်ပြည်နယ်အတွင်းက ပြည်သူလူထုများထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအခြေအနေကို သိရှိနိုင်ရန်အတွက် ကျပန်းအနေဖြင့် ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

06 Sep 2021

photo - Rakhine Covid19 Watch

DMG ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်အတွင်းက ပြည်သူလူထုများထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအခြေအနေကို သိရှိနိုင်ရန်အတွက် ကျပန်းအနေဖြင့် ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ရောဂါထိန်းချုပ်ရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့် လူစုလူဝေးဖြစ်သည့်နေရာများတွင် ကိုဗစ်ပိုးကူးစက်ပြန့်နှံ့မှုအခြေအနေကိုသိရှိရန်အတွက် ရှောင်တခင်စစ်ဆေးရခြင်းဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီကနေ တိုင်းနဲ့ပြည်နယ်က ကော်မတီတွေကို ကျပန်းအနေနဲ့စစ်ဆေးဖို့ ညွှန်ကြားတာရှိတယ်လို့သိရတယ်။ အဲတော့ဟိုတစ်နေ့က သင်္ဘောဆိပ်မှာစစ်တယ်။ မနေ့ကလေယာဉ်ကွင်းမှာစစ်တယ်။ ဒါက ပြည်သူလူထုထဲမှာ ကူးစက်ပြန့်နှံမှုဘယ်လောက်ရှိနေလဲဆိုတာကို သိချင်တာဖြစ်တဲ့အတွက် ကျပန်းအနေနဲ့လိုက်စစ်ဆေးတာဖြစ်တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးမှုကို စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ စစ်တွေမြို့ရှိ သင်္ဘောဆိပ်ကမ်းတွင် စစ်ဆေးခြင်းများရှိခဲ့ကြောင်း၊ ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း စစ်တွေမြို့မှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များကို ကိုဗစ်ပိုးရှိ/မရှိ ကျပန်းစစ်ဆေးမှုများရှိခဲ့ကြောင်း ကျန်းမာရေးဌာမှ သိရသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ကိုဗစ်ရောဂါပိုးရှိ/မရှိ ရှောင်တခင် စစ်ဆေးနေခြင်းဖြစ်ပြီး တခြားသောမြို့နယ်တို့တွင်လည်း စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။

“အခုလိုစစ်ဆေးမှုတွေလုပ်ဆောင်တာက ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ ဒီလိုမျိုးလုပ်သင့်တာကလည်းကြာပါပြီ။ ဒါမှလည်း ရောဂါရှိ/မရှိကို ကြိုတင်ပြီးသိရတယ်။ ကာကွယ်သင့်တာကို ကာကွယ်လို့ရနိုင်တဲ့အနေအထားဖြစ်သွားတာပေ့ါ”ဟု Rakhine Covid-19 Watch အဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။

တစ်ဖက်တွင် ကိုဗစ်ရောဂါပိုးရှိ/မရှိကို ကျပန်းစစ်ဆေးရာတွင် စစ်တွေမြို့မှ ရန်ကုန်သို့သွားမည့်လေကြောင်းခရီးသည်များကို ကိုဗစ်ပိုးရှိ/မရှိ ကျပန်းစစ်ဆေးမှုများရှိသော်လည်း ရန်ကုန်မှ စစ်တွေသို့လာသည့် လေကြောင်းခရီးသည်များအား စစ်ဆေးမှုများကို မတွေ့ရသည့်အတွက် ဝေဖန်မှုများရှိနေသည်။

ရန်ကုန်မှ စစ်တွေသို့လာရောက်သည့်လေကြောင်းခရီးသည်များကို စစ်ဆေးရန်ရှိ/မရှိအခြေအနေနှင့်ပတ်သက်၍ လတ်တလောတွင် မသိရှိသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့က စစ်တွေမှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များအား ကိုဗစ်ပိုးရှိ/မရှိ ရှောင်တခင်စစ်ဆေးခဲ့ရာတွင် ခရီးသည်အမျိုးသားနှစ်ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူအချို့၏ ရောဂါပိုးဗီဇကိုစစ်ဆေးရာ မျိုးရိုးဗီဇကွဲ(Delta)ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးတွေ့ရှိကြောင်း ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးကူးစက်ခံထားရသူများထဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ (၁)ဦးပါဝင်ပြီးနောက် ကိုဗစ်ပိုးရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ရှိလာခြင်းဖြစ်သည်။

ဗီဒီယိုများ