ရွှေနဒီရေယာဉ်ပေါ်ကဖမ်းဆီးခဲ့သည့် အငယ်တန်းအင်ဂျင်နီယာတစ်ဦးကို AA ပြန်လွှတ်ပေး

ရက်ပေါင်း(၁၂၀)ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် အငယ်တန်းအင်ဂျင်နီယာတစ်ဦးကို စစ်ဘက်နှင့် မသက်ဆိုင်သောကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လယ် (၃)နာရီခွဲခန့်က ပြန်လွှတ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA)က ယနေ့ထုတ်ပြန်သည်။

By ခိုင်ရိုးလ 25 Feb 2020

(ဓာတ်ပုံ - AA)

ခိုင်ရိုးလ | DMG
ဖေဖော်ဝါရီ ၂၅၊ စစ်တွေ

ရက်ပေါင်း(၁၂၀)ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် အငယ်တန်းအင်ဂျင်နီယာတစ်ဦးကို စစ်ဘက်နှင့် မသက်ဆိုင်သောကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လယ် (၃)နာရီခွဲခန့်က ပြန်လွှတ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA)က ယနေ့ထုတ်ပြန်သည်။

မြို့ပြတံတားပြုပြင်ထိန်းသိမ်းရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသည့် အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇင်ထွန်းကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရီပိုက်ဆုံကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီးများထံ ကောင်းမွန်စွာ လွဲှအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ (သူ့ကို) စစ်ဘက် အရပ်ဘက် ခွဲခြားသိဖို့ စစ်ဆေးခဲ့တာ။ နောက်ပိုင်းမှာ သူ စစ်ဘက်နဲ့ လုံးဝမပတ်သက်ဆိုတဲ့ဟာကို သိလို့ လွှတ်ပေးမလို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေပြင်းထန်လာတဲ့အပေါ်မှာ အချိန်ကြာသွားတာ။ အခုတော့ အခြေနေကောင်းတဲ့အတွက်မို့ သူ့ကို လုံလုံခြုံခြုံနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။

စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ကို ၂၀၁၉ ခု၊ အောက်တိုဘာလ (၂၆)ရက် နေ့က ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးတွင် AA က တားဆီးပြီး ဦးကျော်ဇင်ထွန်းအပါအဝင် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲမှ အရပ်သားအားလုံးကို လွှတ်ပေးခဲ့ပြီးဖြစ်ကာ စစ်ဘက်နှင့်သက်ဆိုင်များကို ဆက်လက် ဖမ်းထားဆဲဖြစ်ကြောင်း၊ တပ်မတော်က AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည် ဆိုပါက အဆိုပါ စစ်ဘက်နှင့်သက်ဆိုင်သူများကိုလည်း လွှတ်ပေးမည်ဟု ခိုင်သုခက ပြောသည်။

“သူ့ဘက်က လွှတ်မပေးဘူးဆိုလို့ရှိရင်တော့ ကိုယ့်ဘက်ကလည်း ကိုယ့်လက်ထဲမှာ ရှိတဲ့သူတွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားမှာပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းကပင် စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ဗီဒီယိုများ