AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမမိသားစု ဖမ်းဆီးခံရ

ရက္ခိုင့်တပ်တော်(AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမမိသားစု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှအပြန်  ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံလိုက်ရသည် အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

19 Oct 2019

အောက်တိုဘာ ၁၉ |DMG

ရက္ခိုင့်တပ်တော်(AA)စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမမိသားစု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှအပြန်  ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံလိုက်ရသည် အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

၎င်းတို့သည် ဘန်ကောက်တွင် ဆေးကုပြီး မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ ယခု ဖမ်းဆီးခံရသူများမှာ AA စစ်ဦးချုပ်၏ညီမ မိုးနှင်းဖြူအပါအဝင် အမျိုးသားဖြစ်သူ ဦးကျော်နိုင်နှင့်အသက် (၃)နှစ်အရွယ် သမီးငယ် သူသဇင်လည်း ပါဝင်သည်ဟု မိသားစုဝင်ထံက သိရသည်။

“အေအေစစ်ဦးစီးချုပ်နဲ့ ဆွေမျိုးတော်တိုင်း အဲဒီလို မိသားစုဝင်တွေကို ဖမ်းနေတာကတော့ တော်တော် မတရားဘူး။ သူတို့က မိသားစုနဲ့ ဘန်ကောက်ကို ဆေးကုသွားပြီးအပြန် ရန်ကုန်လေဆိမ်မှာ အဖမ်းခံရတာပါ။ ဘန်ကောက်တို့၊ စင်္ကာပူတို့ဆိုတာက ကျန်းမာရေးကိစ္စနဲ့ မိသားစုဆေးကုဖို့ပဲဖြစ်ဖြစ်၊ မဟုတ်ရင် တတ်နိုင်တဲ့သူတွေမှာဆို ဈေးဝယ်သွားတာပဲဖြစ်ဖြစ် မိသားစု အပျော်အပါးသွားတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေ အကုန်လုံး သွားနေကြတာပဲ။ ဘာဖြစ်လို့ သူတို့ရဲ့ မိသားစုဝင်တွေကိုမှရွေးပြီး ဖမ်းနေကြတာလဲ။ အဲဒါက နိုင်ငံသားတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ချိုးဖောက်နေတာ”ဟု အဆိုပါ အမည်ဖော်လိုသည့် မိသားစုဝင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကို ဆက်သွယ်ခဲ့ရာတွင် အဆိုပါကိစ္စကို ဖြေကြားခြင်းမရှိပေ။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် ကိုလည်း AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်စဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဗီဒီယိုများ