မာန်အောင်တွင် ဆိုလာစနစ်ဖြင့် ၂၄ နာရီ မီးစမ်းသပ်ပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂၄ နာရီလျှပ်စစ်မီးကို ဆိုလာစနစ်ဖြင့် စမ်းသပ်ပေးနေရာ ယခုမီးပေးမှု အဆင်ပြေပါက ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

By အောင်ကောင်းဇော် 17 Nov 2019

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၁၇ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂၄ နာရီလျှပ်စစ်မီးကို ဆိုလာစနစ်ဖြင့် စမ်းသပ်ပေးနေရာ ယခုမီးပေးမှု အဆင်ပြေပါက ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

လက်ရှိမှာ မြို့ပေါ်ရပ်ကွက်အချို့ကို မီးစမ်းသပ်ပေးနေခြင်းဖြစ်ကာ ကျန်သည့်ရပ်ကွက်များနှင့် ဗောဓိကုန်း၊ ပုတ်ချောင်းကျေးရွာများကိုလည်း အိမ်သုံးမီတာ (၁) ထောင်ကျော် ပေးသွားရန်ရှိကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်မှူး ဒေါ်ချောစုမ DMG ကိုပြောသည်။

“မီးက အစမ်းပေးကြည့်နေတယ်။ မီးပေးတာ အဆင်ပြေတယ်ဆိုရင် ဆက်ပြီးပေးသွားမယ်။ လောလောဆယ်ပေးမှာက မြို့ပေါ် ၅ ရက်ကွက်နဲ့ ဗောဓိကုန်း၊ ပုတ်ချောင်းတို့မှာ အိမ်သုံးမီတာ အလုံးရေ ၁၂၅၁ လုံးကို ပေးမယ်” ဟု ၎င်းကဆိုသည်။

လျှပ်စစ်မီတာဘောက်စ်များကို ငွေကျပ် ၉ သောင်း ၊ ၇ သောင်းခွဲ ၊ ၄ သောင်းခွဲ စသည့်ဈေးနှုန်းများ သတ်မှတ်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က မာန်အောင်မြို့တွင် ပုဂ္ဂလိကမှပေးသည့် မီးကို တစ်နေ့လျှင် ၆ နာရီ အသုံးပြုခဲ့ရကာ ယခုကဲ့သို့ ၂၄ နာရီမီး ရရှိတော့မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“အရင်က ပုဂ္ဂလိကမီးကိုယူပြီး အလုပ်လုပ်ရတယ်၊ ၆ နာရီပဲရတယ်။ အခု အစိုးရမီးကို သုံးရတော့မယ်ဆိုတော့ မီးကြေးလည်းသက်သာမယ်။ ၂၄ နာရီဆိုတော့ အလုပ်အကိုင်အတွက် ပိုအဆင်ပြေတယ်” ဟု မာန်အောင်မြို့မှ မုန့်လုပ်ငန်းလုပ်ကိုင်သူ ဦးစံထွန်းဦးက ဆိုသည်။

ယခုလျှပ်စစ်မီးကို လူတိုင်းအသုံးပြုနိုင်ရန်အတွက် မီးတာကြေးကောက်ခံရာတွင် တစ်နိုင်ငံလုံးတန်းတူဖြစ်ရေး အစိုးရဘက်မှ သတ်မှတ်ပေးရန်လိုအပ်ကြောင်း မာန်အောင်ဒေသခံတစ်ဦးကပြောဆိုသည်။

“အရင်တုန်းကဆို လျှပ်စစ်မီးအခက်အခဲတွေကြောင့် လုပ်ငန်းတွေအဆင်မပြေကြဘူး။ ဒါပေမယ့် လျှပ်စစ်မီးကို လူတန်းစေ့သုံးနိုင်ဖို့အတွက် မီတာခကို တစ်နိုင်ငံလုံးဈေးအတိုင်းအတာနဲ့ တန်းတူကောက်ဖို့လိုတယ်” ဟု ဒေသခံ ကိုကျော်စွာဝင်းက ပြောသည်။

မာန်အောင်မြို့နယ်အတွင်း မီတာခနှုန်းကောက်ခံမည့်ဈေးများကို လက်ရှိမှာ သတ်မှတ်ပေးထားခြင်းမရှိသေးပဲ တစ်ယူနစ်ကို မည်မျှကောက်ခံသွားမည်ကို ဒေသခံများက မသိရသေးကြောင်း ဆိုသည်။

ယခု ၂၄ နာရီလျှပ်စစ်မီးပေးနေသည့် ဆိုလာစက်ရုံကို ပေါ်စကိုဒေဝူးကုမ္ပဏီမှ ခအုန်းမော်ကျေးရွာကမ်းခြေတွင် တည်ဆောက်ထားပြီး လျှပ်စစ်မီး စမ်းသပ်ထုတ်လွှတ်ပေးနေခြင်းဖြစ်ကာ မီးပေးမှုအဆင်ပြေပါက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စက်ရုံဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ