စစ်တွေမြို့ပေါ် ရပ်ကွက် ၁၀ ခုတွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် ပြုလုပ်ရန်စီစဉ်နေ

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုတွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စတင်ကျင့်သုံးရန် စီစဉ်လျှက်ရှိကြောင်း  ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။

05 May 2022

DMG ၊ မေ ၅

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုတွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စတင်ကျင့်သုံးရန် စီစဉ်လျှက်ရှိကြောင်း  ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။

စစ်တွေမြို့ရှိ ပြည်တော်သာရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်၊ ရူပတောင်ရပ်ကွက်၊ ရူပမြောက်ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီး ရပ်ကွက်တို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စတင်ကျင့်သုံးရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက DMG သို့ပြောသည်။

“အဓိကတော့ မီးဖိုချောင်ထဲကထွက်တဲ့အမှိုက်တွေကို ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်နဲ့ သိမ်းနိုင်အောင်ရယ်၊ နောက်ပြီးမြို့တွင်းရပ်ကွက်တွေမှာ အမှိုက်ကျင်းတွေမထားတော့ပဲ ဒီလိုအမှိုက်သိမ်းစနစ်နဲ့ပဲ သိမ်းပေးနိုင်အောင် စီစဉ်ဖို့အတွက်လုပ်ဆောင်နေတာပါ”ဟု ဦးသန်းထွန်းကရှင်းပြသည်။

ထိုစနစ်ကို စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူများ၏သဘောထား အသံများကိုလည်း တောင်းခံနားစွင့်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဓိကကတော့ အုပ်ချုပ်ရေးမှူးတွေက မရှိဆင်းရဲသားတွေ အခက်တွေ့မှာစိုးတာကို တင်ပြကြတယ်။ ဒါပေမယ့် အများသူငါတတ်နိုင်တဲ့နှုန်းထားနဲ့ပဲ လုပ်ဖို့စဉ်းစားထားတယ်။ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းက ဈေးတစ်မျိုး၊ ဆေးရုံဆေးခန်းနဲ့ အလုပ်ရုံတွေကထွက်တဲ့ပစ္စည်းက ဈေးတစ်မျိုးဆိုတာမျိုးပေါ့”ဟု ဦးသန်းထွန်းကဆိုသည်။

ထိုစနစ်ကို စတင်အကောင်အထည်ဖော်မည်ဆိုပါက စိတ်ဝင်စားသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ကာ တင်ဒါစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပုဂ္ဂလိကအမှိုက်သိမ်းစနစ်ပေါ်ပေါက်လာမည်ဆိုပါက ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း အမှိုက်စွန့်ပစ်ရာတွင် စနစ်တကျစွန့်ပစ်ရန်လိုအပ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်သာစိန်ကဆိုသည်။

“ဒါကကောင်းတဲ့အရာပါပဲ။ မဟုတ်ရင်လည်း စည်ပင်ကို အမှိုက်သိမ်းခွန်ပေးနေရတာပဲလေ။ စည်ပင်ကို ပေးရပေမယ့် အမှိုက်တွေပုံနေရင် ဘယ်သူ့ကိုဖုန်းဆက်ရမယ်မှန်းမသိဘူး။ ပုဂ္ဂလိကဆိုရင်တော့ ဆက်သွယ်စရာ တစ်ခုခုရလောက်မှာပေါ့။ နောက်ပြီး လူတွေအနေနဲ့လည်း အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်တွေမြို့တွင်းရပ်ကွက်များတွင် လမ်းဆုံလမ်းထောင့်များ၌ အမှိုက်ပုံများရှိနေပြီး အဆိုပါအမှိုက်ပုံမှထွက်ရှိသည့် အနံ့ဆိုးများကြောင့် လမ်းသွားလမ်းလာပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ကြကြောင်း ဒေသခံအချို့ကပြောဆိုကြသည်။

ဗီဒီယိုများ